Home
မြန်မာသတင်း
‌ညောင်ပင်ကြီးရဲစခန်း ပြန်ဆောက်ရန် စစ်တပ်က ဒေသခံ ၄၀ ကျော်ကို ပေါ်တာဆွဲခိုင်းစေ
DVB
·
June 20, 2023

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ပြန်ဆောက်ဖို့နဲ့ ကတုတ်ကျင်းတူးဖို့ စစ်ကောင်စီတပ်က ဒေသခံ ၄၀ ကျော်ကို ပေါ်တာဆွဲပြီး စေခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်ကြီးရဲစခန်း ပြန်ဆောက်ဖို့ လိုအပ်တဲ့ ကျောက်ပြားတွေနဲ့ ကုန်ကြမ်းတွေကို ဝမ်ပေါင်ကုမ္ပဏီက အကူအညီပေးနေပြီး စခန်းတိုးချဲ့ရာမှာ မလွတ်တဲ့အိမ်တွေကို စစ်ကောင်စီက ဘူဒိုဇာတွေနဲ့ ဖြိုချဖျက်ဆီးနေပါတယ်။

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာကို စစ်ကောင်စီက ဇွန် ၈ ရက်ကစပြီး ဝင်ရောက် အကြမ်းဖက်ခဲ့တာကြောင့် ဇွန် ၉ ရက် ညနေပိုင်းမှာ ညောင်ပင်ကြီးရွာနဲ့ ရွာရှည်ရွာအကြားမှာ တည်ရှိတဲ့ ညောင်ပင်ကြီးရဲစခန်းကို ဒေသခံ PDF အဖွဲ့တွေက စခန်းသိမ်း ဝင်တိုက်ခဲ့ပါတယ်။ ညောင်ပင်ကြီးရဲစခန်းကို မီးရှို့နိုင်တဲ့အထိ PDF တွေဘက်က တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

PDF တွေက စခန်းသိမ်း ဝင်တိုက်ပြီးနောက် ဇွန် ၁၀ ရက်ကနေ လက်ရှိအချိန်အထိ ထန်းတော၊ ရွာရှည်၊ ညောင်ပင်ကြီး၊ နှင်းတော၊ ဘုရားသုံးဆူ၊ သိမ်တော်ကျေးရွာတွေက နေအိမ် ၇၀၀ ကျော်ကို စစ်ကောင်စီက လက်တုံ့ပြန်တဲ့အနေနဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဇွန် ၁၁ ရက်နေ့မှာ မုံရွာ အုန်းပင်ဆိပ်ကမ်းဘက်ကနေ ဘတ်ဖိုး ၂ စီးကို ဇက်နဲ့ပို့ပြီး ညောင်ပင်ကြီးရဲစခန်းရဲ့ တောင်ဘက်နဲ့ မြောက်ဘက်တွေကို ကိုက် ၃၀၀ ဝန်းကျင်စီ တိုးချဲ့ပြီး စစ်ကောင်စီက စခန်းကို ပြန်တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စခန်းပြန်တည်ဆောက်ဖို့နဲ့ ကတုတ်ကျင်းတွေတူးဖို့ ဒေသခံပြည်သူ ၄၀ ကျော်ကို ပေါ်တာဆွဲပြီး စေခိုင်းနေတယ်လို့ သိရပါတယ်။

ဒေသခံ PDF ခေါင်းဆောင်တဦးက “ဘူဒိုဇာတွေနဲ့က ညောင်ပင်ကြီးစခန်း နယ်နိမိတ်ကို ချဲ့နေတာ၊ ခြံစည်းရိုးခတ်နေတာ၊ အနီးစပ်ဆုံးပြောရရင် စခန်းတောင်ဘက်ကို ကိုက် ၃၀၀ လောက်၊ မြောက်ဘက်ကို ကိုက် ၃၀၀ လောက် ထပ်ချဲ့နေတယ်။ တချို့စခန်းပတ်လည်က မလွတ်တဲ့အိမ်တွေကို ဘူဒိုဇာနဲ့ထိုးချနေတယ်။ ပြည်သူတွေရဲ့ အိမ်ဝင်းတွေကိုပါ ကျူးကျော်ပြီးတော့ ခြံဝန်းခတ်နေတယ်။ ဝမ်ပေါင်ကုမ္ပဏီကနေပြီးတော့ အကူအညီ ပေးနေတယ်။ ပြည်သူကတော့ လက်မခံဘူးလေ၊ မီးရှို့တာတောင်မှ မလွှဲသာလို့ ထိုင်ကြည့်နေရတာ။ ဘယ်လိုမှ လက်ခံနိုင်တဲ့ အတိုင်းအတာ မရှိဘူးလေ။ အဖမ်းခံရတာတွေလည်း ရှိတယ်။ ပေါ်တာဆွဲတာကိုမှ ၄၀ ကျော်လောက်ရှိမှာ။ အသက်ရှူရပ်ပြီး သေဆုံးတာက ၃ ဦး၊ ခေါင်းမှန်ပြီး သေဆုံးတာက ၁ ဦး ရှိတယ်လေ” လို့ ပြောပါတယ်။

ဇွန် ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ ညောင်ပင်ကြီးရွာနဲ့ အနီးနားရွာတွေမှာ စစ်ကောင်စီက ဆက်တိုက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးခဲ့တာပါ။ ညောင်ပင်ကြီးရွာနဲ့ ရဲစခန်းကို ဆက်သွယ်သွားလာနိုင်ဖို့ ကတုတ်ကျင်းတွေကို စစ်ကောင်စီတပ်သားတွေက ဦးစားပေး တူးဖော်နေပြီး လိုအပ်တဲ့ ကျောက်ပြားနဲ့ အခြေခံကုန်ကြမ်းတွေကို ဝမ်ပေါင်ကုမ္ပဏီက အကူအညီပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်ကြီးဒေသခံတဦးက “မီးရှို့တယ်၊ အားလုံး ၇၀၀ ကျော်လောက် ရှိသွားပြီ။ ဒီလို စခန်းသိမ်းရင် ဒီလိုအရှို့ခံရမယ်ဆိုတာ လုံးဝ အကြောက်တရားရသွားအောင် လုပ်တဲ့ အခြေအနေမျိုးတွေ။ ဝမ်ပေါင်ကနေပြီး ဆောက်ဖို့ရာအတွက် ကျောက်ပြားတွေပေးတယ်။ နောက်ပြီး ဝမ်ပေါင်နဲ့ ညောင်ပင်ကြီးစခန်းနဲ့လည်း ဆက်သွယ်ရေးပုံစံမျိုး ကတုတ်ကျင်းလမ်း ဖောက်နေတယ်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အတူတူသေလို့ရအောင် နေမှာပေါ့။ ရွာထဲမှာပဲ လုပ်နေတုန်း ရှိသေးတယ်။ သူတို့ ခြံစည်းရိုးခတ်တဲ့ပုံစံမျိုး၊ သူတို့ ကတုတ်ကျင်း အခိုင်အမာ လုပ်နေတယ်။ အင်အားကတော့ အပြည့်ပဲဗျ။ တမြန်နေ့ကကို ကား ၂ စီး ထပ်ရောက်တယ်။ စုစုပေါင်း အင်အားက ၃၀၀ ကျော်လောက် ရှိနေပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဆားလင်းကြီးမြို့နယ်အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကြောင်းထိုးပြီး နယ်မြေထိန်းချုပ်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။ စစ်ကောင်စီက သူတို့အင်အားအသာရထားတဲ့ မြို့နယ်တွေကို အပြီးသတ် နယ်မြေထိန်းချုပ်နိုင်ဖို့ အားထုတ်နေသလို PDF တွေကလည်း သူတို့အသာစီးယူထားတဲ့ မြို့နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့အထိ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ဘက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်သား ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ဇီးရိုးက “အင်အားများတော့ ထိပ်တိုက်ရင်ဆိုင်တာမျိုးထက် ချောင်းမြောင်းပစ်ခတ်တာမျိုး၊ လမ်းဖြတ်တိုက်တာမျိုးနဲ့ မနက်ခင်း ၁၀ နာရီလောက်မှာ ထိတွေ့မှု ဖြစ်ပါတယ်။ ဒီကောင်တွေစစ်ကြောင်းက ရွာတွေမှာ ပြန်ဝပ်နေတယ်။ သာဇင်မှာ မီးရှို့တယ်၊ မီးရှို့ပြီး ပေါက်မဘက်ကို ဒီကောင်တွေ စစ်ကြောင်းထိုးလာတယ်ပေါ့။ ကျနော်တို့က ပေါက်မဘက်မှာ အခြေကုပ်ယူပြီးတော့ ဆက်ပြီးတိုက်တဲ့အချိန်မှာ ကျနော်တို့မျက်မြင် ၂၀ ကျော် သေပါတယ်၊ ၂၀ ကျော် ဒဏ်ရာရပါတယ်။ ဒီကောင်တွေ စစ်ကြောင်း ပြန်ဆုတ်သွားပြီးတော့ အလောင်းကို မကောက်နိုင်တဲ့ အဆင့်မျိုးပေါ့။ လောလောဆယ် ဘုန်းကြီးကျောင်းတကျောင်းမှာ ဆေးကုနေတယ်လို့ သိရပါတယ်။ ကျနော်တို့ဘက်က ကလေး ၄ ယောက် ၆၀ မမမှန်လို့ မစိုးရိမ်ရဒဏ်ရာ ရရှိပါတယ်ဗျ” လို့ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ တရုတ် ဝမ်ပေါင်ကြေးနီစီမံကိန်း ပြန်လည် လည်ပတ်နိုင်ဖို့ စစ်ကောင်စီက နယ်မြေထိန်းချုပ်ရေးကို အပြင်းအထန် ကြိုးစားခဲ့ပေမဲ့ ဒေသခံတွေက လက်မလျှော့ဘဲ ခုခံတာကြောင့် အခုလို တိုက်ပွဲအရှိန်တွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရက စစ်‌ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး သူတို့ဘက်က ပေါ်ပေါ်တင်တင် ရပ်တည်လာချိန်မှာ စစ်ကောင်စီက တရုတ်ရဲ့ အကျိုးစီးပွားလုပ်ငန်းတွေကို ပိုပြီး အကာအကွယ်ပေးနိုင်ဖို့ ကြိုးစားလာတဲ့ အခြေအနေ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024