Home
မြန်မာသတင်း
မြန်မာ့အရေးဆွေးနွေးပွဲ ပတ္တရားတွင် ကျင်းပ၊  ပြည်တွင်း တည်ငြိမ်အေးချမ်းရေးကိစ္စ ဆွေးနွေးခဲ့ စစ်ကောင်စီ ထုတ်ပြန်
DVB
·
June 20, 2023

ထိုင်းနိုင်ငံ၊ ပတ္တရားပင်လယ်ကမ်းခြေမြို့မှာ ဇွန်လ ၁၉ ရက်က ကျင်းပတဲ့  မြန်မာအရေး အလွတ်သဘော ဆွေးနွေးပွဲမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိစ္စနဲ့ မြန်မာပြည်တွင်း တည်ငြိမ်အေးချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်းရဲ့ ဖိတ်ကြားချက်အရ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အဖွဲ့ဟာ ပတ္တရားမြို့ မြန်မာအရေးဆွေးနွေးပွဲ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ အာဆီယံရဲ့ တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်ရေး၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေး ကိစ္စတွေနဲ့ စစ်ကောင်စီ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို စစ်ကောင်စီဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာသူတွေက မြန်မာ အရေးကိစ္စ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဆွေးနွေးဘက်တွေက ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာနဲ့ ဘာတွေ သဘောတူညီမှုရခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

အဲဒီအလွတ်သဘော ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့အပြင် အိမ်နီးချင်းနိုင်ငံ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ၊ အထူးကိုယ်စားလှယ်၊ သံအမတ်တွေ တက်ရောက်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်တွေထဲက အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား တို့ကတော့  တက်ရောက်တာ မရှိပါဘူး။

အခုလို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော ဆွေးနွေးပွဲကျင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ထိုင်းကို အင်ဒိုနီးရှားအစိုးရက  ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေသတွင်းနိုင်ငံရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ငူရာဆွာဂျာယာ “ဒီလိုဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို ပါဝင်စေတဲ့ ထိုင်းရဲ့လုပ်ရပ်ဟာ အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်ကို ချိုးဖောက်ရာရောက်တယ်” လို့ ဂျကာတာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူတို့တစ်နိုင်ငံတည်းအနေနဲ့ လုပ်ချင်တာဆိုရင်တော့ ဒါဟာ သူတို့ရဲ့ အခွင့်အရေးဖြစ်တာကြောင့် လုပ်ခွင့်ရှိတယ်။ ဒါပေမဲ့ အာဆီယံအနေနဲ့ဆိုရင်တော့ လေးစားလိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိတယ်လို့ ဆွာဂျာယာ က ပြောပါတယ်။

လေးစားလိုက်နာရမယ့် စည်းကမ်းချက်တွေဆိုရာမှာလည်း ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ်မှာ အာဆီယံခေါင်းဆောင်တွေက သဘောတူချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အာဆီယံ သဘောတူညီချက် ၅ ရပ်ကို ရည်ညွှန်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံက ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရမှာဖြစ်ပြီး တစ်ဘက်တည်း တစ်ဖွဲ့တည်းနဲ့ တွေ့ဆုံဆွေးနွေးတာကတော့ မြန်မာ့အရေးအပေါ် အာဆီယံက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ဆွာဂျာယာက ပြောပါတယ်။

အင်ဒိုနီးရှားဟာ ဒီနှစ်ရဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တာနဲ့အညီ မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်ဖော်ဆောင်နိုင်ဖို့ မြန်မာစစ်ကောင်စီ (SAC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ အပါအဝင် မြန်မာနိုင်ငံက အဖွဲ့ပေါင်းစုံနီးပါးနဲ့ တွေ့ဆုံညှိနှိုင်းနိုင်ရေး ကြိုးပမ်းနေတယ်လို့လည်း သူက ပြောပါတယ်။ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုကသာ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာစစ်အာဏာရှင်တွေနဲ့ ပြန်လည်စေ့စပ်ညှိနှိုင်းရေးကို ရည်ရွယ်ပြီး မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို အလွတ်တန်းဆွေးနွေးဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ အိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကို အိမ်စောင့်အစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကာကွယ်ပြောဆိုခဲ့ပါတယ်။ 

“မလာဘူးဆိုတဲ့သူတွေကတော့ လာမှာမဟုတ်ဘူးပေါ့၊ ဒါပေမဲ့ ထိုင်းက မြန်မာနဲ့ ကီလိုမီတာ ၃၀၀၀ လောက် နယ်နိမိတ်ချင်း ဆက်စပ်နေတာပါ။ ကျနော်တို့က ဘယ်ဘက်မှ မလိုက်ပါဘူး”လို့ ထိုင်းအိမ်စောင့်အစိုးရဝန်ကြီးချုပ် ပရာယွတ်က အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အိမ်စောင့်အစိုးရတရပ်အနေနဲ့ ဒီလိုဆွေးနွေးပွဲမျိုး ပြုလုပ်တာကရော လျော်ကန်သင့်မြတ်ပါသလား ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ပရာယွတ်က ဒီဆွေးနွေးပွဲမှာ ဘယ်လိုသဘောတူညီချက်မျိုးမှလည်း ချမှတ်သွားမှာ မဟုတ်ပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024