Home
မြန်မာသတင်း
ထိုင်း စီစဉ်သည့် မြန်မာ့အရေးဆွေးနွေးပွဲကို အဓိကအာဆီယံနိုင်ငံများ မတက်
DVB
·
June 19, 2023

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမယ့် မြန်မာ့အရေး အစည်းအဝေးတရပ်ကို ဇွန်လ ၁၉ ရက်နေ့ ထိုင်းကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်ကြမှာ မဟုတ်ကြောင်းကို အဓိကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက  အရိပ်အယောင်ပြထားပြီး ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီကို အာဆီယံရဲ့ အရေးကြီးအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့်မပြုဖို့ သဘောတူထားပေမဲ့  ထိုင်းကတော့ မြန်မာ စစ်ကောင်စီ ဝန်ကြီးကို ဖိတ်ခေါ်ပြီး အလွတ်သဘော တွေ့ဆုံပွဲတွေ စီစဉ်ပေးနေတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ မြန်မာစစ်ကောင်စီခန့်ဝန်ကြီးနဲ့ အလွတ်သဘော ဆွေးနွေးမှု ပြုလုပ်သွားဖို့ရှိတဲ့အကြောင်း တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ကြားခဲ့ပြီး အဲဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ တက်ရောက်ကြောင်း နီးစပ်တဲ့ သတင်ရင်းမြစ်နှစ်ခုက ရိုက်တာကို အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးမှုကို ဇွန်လ ၁၉ ရက်မှာ စတင်သွားမှာဖြစ်ပြီး တရားဝင် အာဆီယံအစည်းအဝေးအဖြစ် မှတ်ယူနိုင်မှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ဘရူနိုင်းနဲ့ ဗီယက်နမ်တို့က အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း ဖော်ပြထားပေမယ့် ဘယ်သူတွေ တက်ရောက်မယ်ဆိုတာကိုတော့ အတိအကျဖော်ပြထားခြင်း မရှိပါဘူး။ 

အတိုက်အခံတွေနဲ့ တွေ့ဆုံညှိနှိုင်းခြင်းမရှိတာ၊ အကြမ်းဖက်မှုတွေ ရပ်တန့်ခြင်းမရှိတာတွေ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ခြင်း မရှိလို့  မြန်မာစစ်ခေါင်းဆောင်နဲ့ ဝန်ကြီးတွေကို အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အဆင့်မြင့် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာဟာလည်း နှစ်နှစ်နီးပါးရှိခဲ့ ပြီဖြစ်ပါတယ်။

အနားယူရတော့မယ့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကတော့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး “အခုလက်ရှိအခြေအနေတွေက အရမ်းကို ပြောင်းလဲနေပါပြီ။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပိုများလာနေတယ်။ ရွေးကောက်ပွဲလုပ်မယ့် လမ်းပြမြေပုံလည်း မြန်မာစစ်ကောင်စီမှာ ရှိနေပြီဖြစ်တာကြောင့် ကျနော်တို့ဟာ မြန်မာစစ်ကောင်စီနဲ့ ဆက်လက်ပြီး ဆက်ဆံဆွေးနွေးနေဖို့လိုပါတယ်” လို့ ထိုင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်နဲ့လည်း မကိုက်ညီတာကြောင့် သင့်လျော်မှုမရှိတဲ့ ဆွေးနွေးပွဲအဖြစ် ဝေဖန်နေကြတာရှိသလို  မြန်မာစစ်ခေါင်းဆောင်တွေကို တရားဝင်မှုရရှိစေဖို့ လုပ်ဆောင်ပေးနေတာလို့လည်း သုံးသပ်ကြသူတွေရှိပါတယ်။ 

အာဆီယံခေါင်းဆောင်အဖြစ် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားက ဒီဆွေးနွေးကို တက်ရောက်ဖို့ ငြင်းဆန်ထားပါတယ်။ ရိုက်တာက မြင်တွေ့ခွင့်ရခဲ့ပြီး သတင်းရင်းမြစ်တစ်ခုက အတည်ပြုထားတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ္တနိုမာဆူဒီရဲ့ ပြန်ကြားစာမှာ “အာဆီယံရဲ့ နောက်ဆုံးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီနဲ့ အပြည့်အဝပြန်လည်ညှိနှိုင်းဆောင်ရွက်ဖို့ ဒါမှမဟုတ် မြန်မာ့အရေးအပေါ်မှာ နည်းလမ်းအသစ်တွေ ဖော်ဆောင်ဖြေရှင်းဖို့ သဘောတူညီခဲ့ခြင်း မရှိပါ” လို့ ရေးသားထားပါတယ်။

စင်ကာပူဝန်ကြီးချုပ် ဗီဗီယန်ဘာလာခရစ်ရှ်နန်ကလည်း “ခေါင်းဆောင်ပိုင်းအဆင့်သာမက ဝန်ကြီးအဆင့်ပါ မြန်မာစစ်တပ်ရဲ့ ဦးဆောင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့ စောလွန်းသေးတယ်” လို့ ဇွန်လ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

မလေးရှားကလည်း ဒီဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ရိုက်တာက မေးမြန်းထားတာကို ပြန်လည်ဖြေကြားခြင်းမရှိသေးတဲ့ ဖိလစ်ပိုင်ဟာလည်း မြန်မာစစ်တပ် ခေါင်းဆောင်တွေနဲ့ မဆွေးနွေးလိုတဲ့ဘက်မှာပဲ ရှိလိမ့်မယ်လို့ ယူဆရပါတယ်။

အင်ဒိုနီးရှားအလှည့်မတိုင်မီက အာဆီယံခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ကမ္ဘောဒီးယားကတော့ ဒီဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆိုခွန်း ဦးဆောင်ပြီးတက်ရောက်မှာ ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကတော့ မြန်မာနဲ့ ပတ်သက်တဲ့ အလွတ်တမ်းဆွေးနွေးပွဲတိုင်းမှာ ပါဝင်ခဲ့ပါတယ်။

မြန်မာ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော့ ထိုင်းကပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို ဆန့်ကျင် ရှုတ်ချခဲ့ပါတယ်။

“တရားမဝင် စစ်အာဏာရှင်တွေကို ဖိတ်ပြီးဆွေးနွေးတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေကို ပြေလည်စေမှာမဟုတ်ဘူး”လို့ ဇွန်လ ၁၇ ရက် NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာကလည်း ထိုင်းက ပြုလုပ်တဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့  “မြန်မာစစ်အာဏာရှင်တွေနဲ့ အလွတ်တမ်းဆွေးနွေးပွဲမှာ တွေ့ဆုံဖို့ အာဆီယံနိုင်ငံတွေအားလုံးကို ထိုင်းက ဖိတ်ခေါ်နေပါတယ်။ အဓိပ္ပာယ်မဲ့လုပ်ရပ်ကို အာဆီယံအဖွဲ့က တားမြစ်ဖို့လိုတယ်” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ပေါင်း ၈၁ ဖွဲ့ ပါဝင်တဲ့ အဖွဲ့တစ်ခုကလည်း ဒီဆွေးနွေးပွဲဟာ ပွင့်လင်းမြင်သာမှုမရှိကြောင်းနဲ့ စစ်ကောင်စီအရာရှိတွေကို တန်းမြင့်အစည်းအဝေးတွေမှာ ပါဝင်ခွင့်မပြုဖို့ သဘောတူချမှတ်ထားတဲ့ အာဆီယံရဲ့မူဝါဒနဲ့လည်း ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေကြောင်း ဇွန်လ ၁၈ ရက်မှာ အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024