Home
ဆောင်းပါး
ဒသမမြောက် မဟာရတနာ
DVB
·
June 19, 2023

လူ့ဘုံလောကမှာ ဂုဏ်ရည်ထူးခြား မြင့်မား ရှားပါးတဲ့ အရာတွေကို ရတနာလို့ သတ်မှတ် တန်ဖိုးထားကြပါတယ်။ နဝရတနဆိုတဲ့ ပါဠိစကားဟာ ရတနာကိုးပါးလို့ အနက်ရပါတယ်။ နဝရတ်ကိုးပါး ဆိုတာကတော့ ပတ္တမြား၊ မြ၊ စိန်၊ ကြောင်၊ နီလာ၊ ဂေါ်မိတ်၊ ဥဿဖယား၊ သန္တာ၊ ပုလဲ စတဲ့ ကျောက်မျက်ရတနာကိုးမျိုးကို ခေါ်ဆိုတာဖြစ်ပါတယ်။ နဝရတ်လက်စွပ်ဟာ ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတယ်၊ အောက်ပါ ထူးခြားတဲ့ တန်ခိုးစွမ်းအင်တွေ ရှိတယ်လို့ လူတွေက ယုံကြည်ဆင်ယင်လေ့ ရှိကြပါတယ်။

“ပတ္တမြား” ဟာ ဘုန်းမီး‌နေလပမာ တောက်ပ‌စေနိုင်တယ်၊ “မြကျောက်” ကတော့ အေးချမ်းမှုကို ပေးစွမ်းတယ်၊ “စိန်” ကတော့ စွမ်းရည်ဂုဏ်ရောင် ထွန်းပြောင်စေတယ်၊ “ကြောင် ကျောက်” ကလည်း သိဒ္ဓိကြီးမားစေပြီး “နီလာ” ကတော့ မေတ္တာဓာတ် ထုံမွှမ်းစေတယ်၊ “ဂေါ်မိတ်” ကတော့ ခွန်အားကိုဖြစ်စေပြီး “ဥဿဖယား” က ကျန်းမာရေးကောင်းမွန်စေတယ်၊ “သန္တာ” က အကြီးအကဲဂုဏ်ဒြပ်နဲ့ ပြည့်စုံစေပြီး “ပုလဲ” ကတော့ ဂုဏ်ကျက်သရေ အထွေထွေကို ဖြာဝေစေနိုင်တဲ့ တန်ခိုးအာနိသင်တွေကို ရရှိစေနိုင်တယ်လို့ ယူဆကြပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်တို့ရဲ့ ရင်နှစ်သည်းခြာ သမီးရတနာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ဖွားမြင်လာခဲ့ပြီး စစ်အာဏာရှင်စနစ်ဆိုးရဲ့ လက်အောက်က အဖိနှိပ်ခံ မြန်မာပြည်သူလူထု လေးစားတန်ဖိုးထား အားကိုးကြရတဲ့ ခေါင်းဆောင်ရတနာတပါး ဖြစ်လာခဲ့ပါတယ်။

ထူးခြားတဲ့ တန်ခိုးစွမ်းအင်ရှိတဲ့ ကျောက်မျက်ရတနာတွေကို နဝရတ်ကိုးပါးလို့ သတ်မှတ်သလို မြန်မာ့လူ့ဘောင်မှာသာမက ကမ္ဘာနဲ့တဝှမ်းက လူသားတွေ စံပြုတန်ဖိုးထားကြရပြီး အထူးသဖြင့် မြန်မာပြည်သူ‌တို့ရဲ့ နှလုံးသည်းပွတ်ထဲမှာ အထွတ်အမြတ်ပြု တန်ဖိုးထားရတဲ့ လူ့ဂုဏ်သိက္ခာ၊ လူသားတန်ဖိုး၊ လူ့ကျင့်ဝတ်သီလ၊ အကြီးအကဲ ခေါင်းဆောင်ကောင်း အင်္ဂါတွေနဲ့ ပြည့်စုံတဲ့ တန်ခိုးအာနိသင် စွမ်းအင်တွေ ဖိတ်ဖိတ်တောက်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒသမမြောက် မဟာရတနာအဖြစ် ဂုဏ်ပြုတင်စားချင်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပြည်သူ‌တွေအတွက် လူလားမမြောက်ခင် ၂ နှစ်သမီး အရွယ်မှာတင် ဖခင်ကို တသက်တာ ဆုံးရှုံးခဲ့ရသလို မပြီးဆုံးသေးတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ‌တော်သစ် တည်ဆောက်ရေး ခရီးကြမ်းရှည်ကြီးမှာ ချစ်ခင်ပွန်းနဲ့ သေကွဲခွဲခဲ့ရသလို သူမရင်နဲ့လွယ်ပြီး မွေးဖွားလာခဲ့တဲ့ သားနှစ်ဦးစလုံးနဲ့ပါ ရှင်ကွဲခွဲခဲ့ရလို့ မိသားစုအသိုက်အမြုံလေးကို စွန့်လွှတ်ပေးဆပ်ခဲ့ရပါတယ်။

ဒါတင်မက သူမရဲ့ အစားပြန်မရနိုင်တဲ့ အချိန်နဲ့ အရွယ်ပျိုမျစ်မှုတွေကို နေအိမ်အကျယ်ချုပ်နဲ့ ထောင်နံရံ‌ ၄ ဖက်အတွင်းမှာ စုစုပေါင်း ၁၇ နှစ်ကျော် ကုန်ဆုံးစေခဲ့ရပါတယ်။ ကိုယ်ကျင့်သီလ ကောင်းမြတ်ရုံသာမက ပညာဉာဏ် ဆင်ခြင်တုံတရား ကြီးမားသူမို့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ လေးစားအသိအမှတ်ပြုရတဲ့ အတွေးအခေါ် အဆိုအမိန့်တွေနဲ့ သူမ စာရေးလို့ရတဲ့ စာရေးသားခတွေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကြေး ဒေါ်လာ သန်းများစွာရှိတဲ့ ငွေတွေကိုလည်း အများပြည်သူဘဝ တိုးတက်အောင် ထူထောင်နိုင်ရေးအတွက် ရန်ပုံငွေမတည်ပြီး ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အဲ့ဒီလို သူမကိုယ်တိုင်လည်း ပညာ သီလ သဒ္ဓါ စာဂ ဒါန ပါရမီအဖုံဖုံ ဖြည့်ဆည်းခဲ့သလို မြန်မာပြည်သူလူထုကိုလည်း အမှန်နဲ့အမှား ပိုင်းခြားဆင်ခြင်တတ်ရုံသာမက အမှန်တရားဘက်မှာ ရဲဝံ့စွာ ရပ်တည်ရဲတဲ့ မကြောက်တရားတွေကိုလည်း သင်ကြားပေးခဲ့ပါတယ်။ ရိုးသားဖြောင့်မတ်ခြင်း၊ လိပ်ပြာသန့်စွာ ရှင်သန်ခြင်းဟာ ယဉ်ကျေးတဲ့ လူသားတိုင်း မွေးမြူအပ်တဲ့ ဂုဏ်ပုဒ်တွေဖြစ်ကြောင်းလည်း သူမကိုယ်တိုင် သက်‌ေသထူပြခဲ့ပါတယ်။

ပြည်သူက ရွေးချယ်တင်မြှောက်လို့ သူမ အုပ်ချုပ်ခွင့်ရစဉ် ၅ နှစ်တာကာလ အတွင်းမှာပဲ ဗုဒ္ဓရှင်တော် ဟောကြားခဲ့တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ကမ္ဘာစောင့်တရား - လောကပါလတရား ၄ လေးပါးနဲ့ မြို့မိမြို့ဖ၊ နိုင်ငံအမိ နိုင်ငံအဖ ယဉ်ကျေးမှုတွေ မြန်မာပြည်သူတွေကြား ပြန်လည်ထွန်းကားလာအောင် တိုင်းပြည်ကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့လည်း သူမကို လူသူတော်ကောင်း၊ ရဟန်းသူတော်ကောင်းတိုင်း၊ အမြော်အမြင်ရှိတဲ့ ဘာသာရေးခေါင်းဆောင်တိုင်း၊ သိတတ်နားလည်မှုရှိတဲ့ ပြည်သူတိုင်း၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတိုင်း၊ လူပီသတဲ့ နိုင်ငံသားတိုင်းက ယုံကြည်ကိုးစား ထောက်ခံခဲ့ကြပါတယ်။ အထူးသဖြင့် စစ်အာဏာစနစ်ဆိုးကြီးအောက်က ကြောက်မက်ဖွယ်ရာ ဆင်းရဲတွင်းနက်ကြီးထဲမှာ ပိတ်လှောင် ငရဲကျနေရတဲ့ ဆင်းရဲသား လယ်သမား အလုပ်သမား အောက်ခြေလူတန်းစား အားလုံးအတွက် သူမဟာ စစ်ငရဲဒုက္ခတွင်းနက်ကြီးထဲက လွတ်မြောက်ရာ ထွက်ပေါက် မျှော်လင့်ချက် အလင်းရောင်ပမာ ဖြစ်ခဲ့ရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတ္တိစွမ်းရည်တွေ၊ သူမ စိုက်ထူခဲ့တဲ့ သမိုင်း‌ကောင်းမှတ်တိုင်တွေ၊ မြန်မာနိုင်ငံနဲ့ လူသားအားလုံးရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေရေး အတွက် သူမ စိုက်ထုတ်ကြိုးပမ်းမှု ဇွဲ လုံ့လ ဝီရိယ အားမာန်တွေအကြောင်း ရေးမယ်ဆိုရင် စာအုပ်ပေါင်းများစွာနဲ့ မော်ကွန်းတင်မှသာ ပြည့်စုံနိုင်မှာမို့ ဒီဆောင်းပါးမှာတော့ စာရေးသူ နားလည်ခံစားတတ်သမျှ အောက်ပါကဗျာလေးနဲ့ပဲ အမှန်တရားကို တန်ဖိုးထားကြတဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးက သည်းသည်းလှုပ် ချစ်မြတ်နိုးရတဲ့ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ကို ဦးညွှတ်ဂုဏ်ပြုရင်း နိုင်ငံ့မိခင်ကြီး စိတ္တသုခ၊ ကာယသုခ နှစ်ဖြာနှစ်ဝနဲ့ ပြည့်စုံပြီး မတရားဖမ်းဆီးထားတဲ့ အချုပ်အနှောင်က လွတ်မြောက်လာပြီး နိုင်ငံတော်သစ်ကို ထူထောင်ဖို့ ပြည်သူနဲ့ အမြန်ဆုံဆည်းနိုင်ပါစေကြောင်း၊ အသက်ရှည်၍ အနာကင်းပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။

ဒသမမြောက် မဟာရတနာ

ဇွန်လရဲ့ဒီလိုနေ့တနေ့မှာပေါ့

ပန်းပန်ထားတဲ့ ကြယ်တံခွန်တစ်စင်း

ကမ္ဘာမြေပေါ် သက်ဆင်းလာခဲ့တယ်။

နတ်ဒေဝါတွေ

ကောင်းချီးအထပ်ထပ်ပေးထားတဲ့

ဒီကြယ်တံခွန်ဟာ

သိတတ်နားလည်တဲ့ မြန်မာပြည်သူတွေကို

မကြောက်တရားသင်ကြားပေးပြီး

အကြွင်းမဲ့ ရဲရင့်စေခဲ့တယ်။

သူတော်စင်တွေ

နှစ်ထောင်းအားရ ရွှင်လန်းစေတဲ့

ဒီကြယ်တံခွန်ဟာ

ရိုးသားတဲ့ပြည်သူတွေကို

ပိုပြီးသိက္ခာခန့်အောင်

ပိုပြီးလိပ်ပြာသန့်အောင်

ကိုယ်ကျင့်သီလကောင်းနဲ့ သိဒ္ဓိတင်ပေးခဲ့တယ်။

သစ္စာဝါဒီတွေ

လက်ခမောင်းခတ်စေတဲ့

ဒီကြယ်တံခွန်ဟာ

စစ်အမှောင်ထုကို ထိုး‌ဖောက်လို့

ဉာဏ်အလင်းရောင်ဝါ ဖြိုးမောက်

ထွန်းတောက်လာစေခဲ့တယ်။

အမျိုးကောင်းသား

အမျိုးကောင်းသမီးတိုင်း

တမ်းတ ဝိုင်းရံလိုတဲ့

ဒီကြယ်တံခွန်ဟာ

ဖုန်းဆိုးညစ်ထပ် ပစ္စန္တရစ်အရပ်ကို

လယ်ယာမြေကောင်းဖြစ်စေကြောင်း

မြေဆီသွန်းလောင်း သန္ဓေပြောင်းစေခဲ့တယ်။

အမှန်တရားကိုယုံကြည်သူတိုင်း

ဦးညွှတ်ရို‌သေကြရတဲ့

ဒီကြယ်တံခွန်ဟာ

ကမ္ဘာစောင့်တရား ၄ ပါးကို

မပျောက်မပျက် ထိန်းသိမ်းစေခဲ့တယ်။

အဖိနှိပ်ခံလူသားတိုင်း

တောင့်တ အားကိုးကြရတဲ့

ဒီကြယ်တံခွန်ဟာ

သူတို့ကိုယ်တိုင်ကိုပဲ ကိုယ့်အားကိုယ်ကိုး

ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ကို ပေးအပ်ခဲ့တယ်။

သာမန်အညတြပြည်သူတိုင်း

အားကျစံပြုရတဲ့

ဒီကြယ်တံခွန်ဟာ

သူတို့ကိုယ်တိုင်ကိုက သူရဲကောင်းအာဇာနည်အဖြစ်

အသွင်ကူးပြောင်းနိုင်ကြောင်း သိစေခဲ့တယ်။

နိုင်ငံသူနိုင်ငံသားတိုင်း လူသားတိုင်း

အမြတ်တနိုး တန်ဖိုးထားကြရတဲ့

ဒီကြယ်တံခွန်ဟာ

လောကရဲ့ တန်ဖိုးမြင့် တကယ့်ရတနာဆိုတာ

သူတို့ကိုယ်တိုင်ပဲဆိုတာ ရှင်းလင်းစွာသိစေအပ်ခဲ့တယ်။

ကိုင်း ‌‌‌‌‌‌‌ဉာဏ်ထည်ဝါတဲ့ လူသားတို့ရေ

ဒီကမ္ဘာဂြိုဟ်ပြာကြီးမှာ

တန်ဖိုးအနဂ္ဃကြီးပြီး ထူးမြတ်တာဟာ

နဝရတ် ၉ ပါးတည်းသာရှိတာမဟုတ်

အရှားပါးဆုံး ဒသမမြောက် မဟာရတနာဟာ

ပန်း တွေဝေအောင် ပန်တတ်တဲ့

ဒီကြယ်တံခွန်ကြီးဆိုတာ

သင်တို့ ငြင်းဆိုဝံ့ပါ၏လော။         ။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024