မကွေးတိုင်း၊ အောင်လံမြို့၊ အင်းလယ်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် ကြံ့ခိုင်ရေးပါတီမြို့နယ် အလုပ်အမှုဆောင်လည်းဖြစ်တဲ့ ဦးမြင့်ဦးကို အောင်လံမှ ဆိုင်ကယ်နဲ့ ပြန်လာစဉ် ပစ်သတ်ခဲ့တယ်လို့ မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
ဦးမြင့်ဦးဟာ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းက ရွှေပန်းတောကျေးရွာနဲ့ အင်းလယ်ကျေးရွာကြားမှာ ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပြီး သေဆုံးသူမှာ သေနတ် ဒဏ်ရာ ၂ ချက်၊ ထိုးသွင်းဒဏ်ရာ ၃ ချက်နဲ့ တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
ဒေသခံတဦးက " သူအပစ်ခံရတဲ့နေရာက အသွားအလာမပြတ်ဘူး။ နေ့လယ်ပိုင်း လူရှင်းတုန်း ခဏမှာပဲ ဖြစ်သွားတာ။ ဓားဒဏ်ရာတွေလည်း တွေ့တယ်။ သူက နာမည်ဆိုးတော့ ထွက်တယ်။ ကျနော်တို့ ရွာဘက်မှာ ဒါမျိုးတွေ မကြုံဘူး” လို့ ဆိုပါတယ်။
လုပ်ကြံခံရတဲ့ ဦးမြင့်ဦး(၅၁နှစ်)ရဲ့ အလောင်းကို စစ်တပ်က သယ်ဆောင်သွားပြီး ညနေပိုင်းမှာ သူနေထိုင်ရာ အိမ်သို့ ပြန်ပို့ပေးခဲကာ ဇွန် ၁၉ ရက်မှာ ရွာသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက "သူ့က သူ့ရွာတင်မဟုတ်ဘူး။ အနီးပတ်ဝန်းကျင်က ရွာတွေနဲ့ အောင်လံမြို့ပေါ်ထိတက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒုက္ခပေးတာ။ သူ့ကြောင့် ဆန္ဒပြလူငယ် တချို့ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိခဲ့တယ်။ ဒါကြောင့် ရှင်းလင်းခဲ့တာပါ” လို့ ပြောပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာတော့ ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ ရုပ်အလောင်းနားမှာ ဆိုင်ကယ်နဲ့ ကျည်ခွံ ၅တောင့်ကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန် ၈ ရက်ကလည်း အောင်လံမြို့ ဥယျာဉ်စုကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းစိုးဦး သေနတ်နဲ့ ပစ်ခံရပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ပြည်မြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။