စစ်ကိုင်တိုင်း ဗန်းမောက်မြို့နယ် အနောက်ခြမ်းက မှန်လူ၊ မန်ယူးကြီး၊ မန်စီကြီးဒေသစိတ် ၃ ခုမှာ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲတွေကြောင့် မတ်လကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်လာပြီး အကူအညီလိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကျေးရွာ ၂၂ ရွာက ပြည်သူတွေ စစ်ဘေးဒဏ်လွတ်တဲ့ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။
“လူဦးရေကတော့ ၉၀၀၀ ကျော်ရှိမယ်။ အဲဒီ ၉၀၀၀ ကျော်ကို လက်ခံထားတဲ့ ကျေးရွာဒေသခံတွေကနေ ကူညီပေးတာရှိတယ်။ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့တွေ၊ ပ.အ.ဖ၊ ပ.လ.ဖ အဖွဲ့တွေကနေ တတ်နိုင်သလောက်ကူညီပေးနေတယ်။ ဆိုတော့ လတ်တလော လိုအပ်ချက်တော့ သိပ်မရှိသလိုပဲ။ ဒါပေမဲ့ ရေရှည် ၁ လကျော်လောက် ထပ်ပြီး တိမ်းရှောင်နေမယ်ဆိုရင် အဓိက ကတော့ စားနပ်ရိက္ခာအတွက် ဆန်လုံလောက်မှုမရှိတဲ့ ပြဿနာတွေ ကြုံတွေ့လာရမယ်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး အခက်အခဲတွေ ဖြစ်လာနိုင်တယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိအချိန် စစ်ရှောင်ပြည်သူတွေကို လုံခြုံတဲ့ ကျေးရွာက ပြည်သူတွေဟာ NUG ရဲ့ ကူညီထောက်ပံမှုတွေနဲ့ ရပ်တည်နေပေမဲ့ ရေရှည်အတွက် လုံလောက်မှုမရှိသလို တိမ်းရှောင်ပြည်သူတွေဟာ အခုနှစ် မိုးရာသီမှာ စပါးစိုက်နိုင်မယ့် အခြေအနေမရှိတာကြောင့် လာမဲ့နှစ်တွေမှာ စားနပ်ရိက္ခာ ပိုမိုအခက်အခဲဖြစ်လာနိင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်တာနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ကျေးရွာတွေမှာ တပ်စွဲထားတာကြောင့် ကျေးရွာနှစ်ဆယ်ကျော်က ပြည်သူတွေ နေရပ်မပြန်နိုင်သေးတာလို့ စစ်ရှောင်ပြန်သူတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
“အဓိက ကတော့ နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာမှာကို သူတို့တွေ ကြောက်ကြတယ်၊ စိုးရိမ်းကြတယ်၊ ဒါကြောင့် သူတို့မပြန်ကြတာ။ အဆင်ပြေတဲ့နေရာပဲ တိမ်းရှောင်နေထိုင်နေကြတုန်း၊ နောက်ပြီးတော့ စကစကလည်း တချို့ရွာတွေမှာ တပ်စွဲထားတုန်းပဲ။”
ထွက်ပြေးတိမ်းရှောင်ရတဲ့ ရက်ကြာလာတာကြောင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိလာတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတွေကို ကူညီနေသူတဦးက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူအများစုဟာ ကြောင်လည်ဒေသကို စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်လာတဲ့ မတ်လကတည်းကနေ လုံခြုံတဲ့ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၂၂ ရွာဝန်းကျင်က ကလေးတွေဟာ ကျောင်းဖွင့်ချိန်ရောက်လာပေမဲ့ စာသင်ကြားဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ သိရပါတယ်။