Home
ဆောင်းပါး
အမေ့ခြံထဲမှာ ရောင်စုံပန်းတွေ ဖူးပွင့်တယ်
DVB
·
June 17, 2023

ပုဂံပြည်မှသည် ပုပ္ပါးတောင်က ဒေါ်အောင်ဆန်းစုကြည်ခြံသို့ အပိုင်း (၁)

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သည် ဇွန်လ ၁၉ ရက်နေ့ ဖြစ်ပါတယ်။ ကျနော်ရဲ့မွေးနေ့က အမေ့စုမွေးနေ့ရဲ့ နောက်တရက် ဖြစ်ပါတယ်။ ကျနော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကို စတင်တာဝန်ထမ်းဆောင်တုန်းက ကျနော့်ရဲ့မွေးနေ့မှာ ရှင်သန်ခြင်းစက္ကန့်နှင့်အမျှ အချိန် (ဘဝ) ကို တိုင်းပြည်အပြောင်းအလဲအတွက် အလုပ်လုပ်ပေးမယ်လို့ ဆုံးဖြတ်ချက်ချကာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက် ရပ်ကျေးမှာ ဇွန်လ ၁၉ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ ရပ်ကျေးအဖွဲ့ချုပ်ရုံးကို သွားပြီး ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီအချိန်က ‌အမေစုရဲ့မွေးနေ့ဟာ ဇွန်လ ၁၉ ရက်နေ့မှန်း ကျနော် မသိခဲ့ပါဘူး။

ကျနော့်ရဲ့မွေးနေ့ ဇွန်လ ၂၀ ရက်နေ့အတွက် နိုင်ငံတော်ကို မွေးနေ့လက်ဆောင်ပေးချင်လို့ ကြိုတင်စုံစမ်းခဲ့တဲ့အတွက် သိခွင့်ရခြင်းဖြစ်ပါတယ်။ အမေစုမွေးနေ့မှာပဲ အမေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် အဖွဲ့ချုပ်ထဲကို စတင်ဝင်ရောက်ကာ အဖွဲ့ချုပ်ကပေးအပ်တဲ့ တာဝန်အသီးသီးကို စတင်ထမ်းရွက်ခဲ့ပါတယ်။

ကျနော်တို့က NLD အစိုးရမဖြစ်ခင်ကတည်းက အတိုက်အခံဘဝတုန်းက အခြေအနေမှာ ၂၀၁၄ အဖွဲ့ချုပ်လူငယ်ညီလာခံကို ဖြတ်သန်းခဲ့တဲ့ ၁၄ မျိုးဆက်တွေပေါ့။ အဖွဲ့ချုပ်လူငယ် ၁၄ မျိုးဆက်တွေဟာ ယုံကြည်ချက်နှင့် ရပ်တည်ချက်က အလွန်ခိုင်မာပါတယ်။ ဆရာကောင်း သမားကောင်း ခေါင်းဆောင်ကောင်းတို့ရဲ့ တပည့်ကောင်း နောက်လိုက်ကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ၄၃၆ လက်မှတ်ကမ်ပိန်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ စသဖြင့် နိုင်ငံရေးဝမ်းစာ အတွေ့အကြုံများ ကောင်းစွာရခဲ့ကြတဲ့ မျိုးဆက်လို့ ပြောလို့ရပါတယ်။ အတိုက်အခံကာလမှာလည်း နိုင်ငံရေးစွမ်းရည်မြှင့်သင်တန်းတွေ၊ ပါတီတည်ဆောက်ရေး၊ ခေါင်းဆောင်မှု၊ နိုင်ငံရေးသိပ္ပံမိတ်ဆက်၊ နိုင်ငံတကာဆက်‌ဆံရေး၊ အာဆီယံမိတ်ဆက်၊ မဲဆွဲစည်းရုံးရေးကမ်ပိန်း စသဖြင့် သင်တန်းပေါင်းစုံနေအောင် တက်ရောက်သင်ယူခွင့် ရခဲ့ကြပါတယ်။

“နိုင်ငံရေးဝမ်းစာအတွက် ကျနော် အမြဲတမ်းပြောဖြစ်တာက မိခင်ဌာနချုပ်ရဲ့ ကျေးဇူးတရားကြောင့် ငါတို့ဟာ အာဏာရှင်နဲ့ ထောင်ကို မကြောက်တတ်တော့ဘူး” လို့ပေါ့။

ကျနော်က အဖွဲ့ချုပ်နဲ့ နိုင်ငံတော်၊ ပြည်သူလူထုကိုပဲ ဗဟိုပြုပြီး နိုင်ငံရေးလုပ်ချင်တာပါ။ အဲဒီနည်းလမ်းအတိုင်း ယခုအချိန်ထိ လုပ်နေခဲ့တဲ့ လူငယ်တယောက်ပါ။ ကျနော်ရဲ့ ခေါင်းဆောင်ကား အဖွဲ့ချုပ်ရဲ့ မူဝါဒ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ အမေ့သားသမီးတွေ၊ ရဲဘော်ရဲဘက်တွေကို ချစ်ခင်လေးစားပြီး အလုပ်လုပ်ဖို့ အမြဲတမ်း စိတ်အားထက်သန်ပါတယ်။ စိတ်ကိုဖွင့်ပြီး ပေါင်းသင်းဆက်ဆံပါတယ်။ ပကတိ ရိုးသားပွင့်လင်းစွာ လက်တွဲလုပ်ပါတယ်။

ကျနော်က အဖွဲ့ချုပ်အတွက် လူထုအတွက် အကျိုးရှိတယ်လို့ ယူဆချက် အားကောင်းရင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSO) နဲ့ လည်း တွဲလုပ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို အင်မတန်မြတ်နိုးသူ ဖြစ်တာကြောင့် ကိုအောင်ဆန်းရဲ့ အမူအကျင့်ကို လက်ခံကျင့်သုံးပါတယ်။ ကိုယ်ကျင့်သိက္ခာကို မည်သည့်အကျိုးစီးပွားနဲ့မှ လဲယူဖို့ရန် ဆန္ဒမရှိပြီ။

ဒီနေရာမှာ ကျနော်ပြောပြချင်တာက ရင်သွေးနဲ့ မျိုးဆက်ကိစ္စပါပဲ။

ကျနော် ဇွန်လ ၂၀ ရက် ၂၀၂၀ ပြည့်နှစ်မှာ ကျနော့်အသက် ၃၂ နှစ် ပြည့်ပါတယ်။ ဇွန်လ ၁၉ က အမေ့စုရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ ဖြစ်တာမို့ စုမေမေ ၇၅ နှစ်ပြည့် မွေးနေ့အမှတ်တရ သစ်ပင် ၇၅ ပင် စိုက်ပျိုးခြင်းအစီအစဉ်ကို ပုဂံ ညောင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်မှုနဲ့ မနက် ၇ နာရီလောက်မှာ စတင်စိုက်ပျိုးခဲ့ကြပါတယ်။

မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့တွေ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့တွေ၊ သစ်တောဦးစီးဌာနအဖွဲ့တွေ၊ ဒို့ရဲ့အမိမြေ သစ်ပင်စိုက်အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စုမေမေချစ်မြတ်နိုးသူ ပြည်သူတွေက ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြပါတယ်။

အဆိုပါ သစ်ပင်စိုက်ပျိုးတဲ့ အစီအစဉ်ကို အရင်နှစ်ကလည်း စိုက်ပျိုးခဲ့ပြီး အခုထက်ပိုမိုပြီး အညာဒေသ စိမ်းလန်းစို‌ပြေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌတို့နဲ့ ပူးပေါင်းပြီး ဆက်လုပ်သွားကြမှာပါ။ ဒါက မျိုးဆက်အတွက်ပါ။ ကျနော်တို့ သစ်ပင်စိုက်အပြီး ညနေဘက်မှာ နောင်တော်ကြီးအဖွဲ့ချုပ် လူငယ်တာဝန်ခံဟောင်းနဲ့ ကျောက်ပန်းတောင်းကို ချီတက်ခဲ့ကြပါတယ်။

ကျောက်ပန်းတောင်းမှာ တညအိပ်ပြီးသကာလ နောက်တနေ့မှာ ကျနော်တို့ဟာ ပုပ္ပါးက အမေ ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ခြံဆီကို စိုက်စိုက်‌မြိုက်မြိုက် ရောက်သွားဖြစ်ကြပါတယ်။ ကျနော့်ရဲ့ မွေးနေ့တိုင်းဟာ ထူးခြားဖြစ်စဉ်တွေလို့ ပြောမယ်ဆိုပါကလည်း ပြောနိုင်သလို ပုံမှန်ပါပဲလို့ ဆိုပါကလည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ပုပ္ပါးက အမေ့ခြံထဲမှာ ဦးဆောင် တာဝန်ယူနေသူ နောင်တော်ကြီး ကိုမင်းဆန်းရဲ့ မွေးနေ့ဟာလည်း  ဇွန်လ ၂၀ ရက်နေ့ဆိုတာ နောက်ရက်တွေမှာ အံ့ဩစွာ သိခဲ့ရပါတယ်။

အဲဒီနေ့က  ကျနော်နဲ့ ကိုမင်းဆန်း အမေ့ခြံထဲမှာ လူသားဆန်စွာ သဘာဝကျကျ မြေကြီးပေါ်မှာ ထိုင်ပြီး စကားစမြည် ပြောခဲ့ကြတယ်။

“ဒေါင်းတွေပေါက်နေပြီ၊ ဒေါင်းဥကို ကြက်မက ရင်ငွေ့ပေးဝပ်ပြီး အကောင်ပေါက်ခဲ့ကြတဲ့ ဒေါင်းမျိုးဆက်တွေဖြစ်တယ်” လို့ ကိုမင်းဆန်းက ရှင်းပြတယ်။

“ကြက်မရဲ့ ရင်ကဖြစ်တဲ့ ရင်သွေးမဟုတ်ဘူး။ ဝမ်းနှင့် လွယ်လို့ ဥခဲ့ရ‌တဲ့ ကြက်မရဲ့ သားဥ မဟုတ်ဘူး။ ဒေါင်းဥကို မိမိရဲ့ ရင်သွေးဥ အမှတ်နဲ့ ဥ ကို ရင်ငွေ့ပေးလို့ မျိုးဆက်ကို မွေးပေးခဲ့တာ”လို့ ကိုမင်းဆန်းက စိတ်ရှည်လက်ရှည် ရှင်းပြနေပါတော့တယ်။

နောင်တော်က ပြောသေးတယ်၊ “ငါက ပါတီထဲက နိုင်ငံရေး ငါ စိတ်မဝင်စားဘူး။ မင်းတို့ လူငယ်မျိုးဆက်တွေ ဆက်လုပ်ကြပါ၊ ငါတို့က တတိယမျိုးဆက်ပဲ လုပ်တော့မယ်။”

“တတိယမျိုးဆက်ဆိုတာ ဘာလဲ” လို့ ကျနော်ကမေးတော့ နောင်တော်က ဖြေပါတယ်။

“တတိယမျိုးဆက်ဆိုတာ ကိုမင်းကိုနိုင်တို့လို နိုင်ငံရေးအာဏာမယူဘဲ မျိုးဆက်ကို ပြုစုပျိုးထောင်တဲ့ အလုပ်ပေါ့။ အခု ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့လို ကွန်ပျူတာ အခမဲ့ သင်တန်းကျောင်းတို့လို၊ ရွေ့လျားစာကြည့်တိုက်တို့လို လုပ်ငန်းမျိုးတွေကို လုပ်တာမျိုးပေါ့ကွာ” တဲ့။

ကျနော် အင်မတန်သဘောကျသွားပါတယ်။ ကျနော်က စာပေကို အခြေခံ၊ ကိုယ်ကျင့်တရားကို အခြေခံ၊ အသိဉာဏ်ပညာကို အခြေခံ၊ မျိုးဆက်ကိုအခြေခံပြီး နိုင်ငံရေးကို တိုင်းပြု ပြည်ပြု အဆင့်ထိ လုပ်ချင်သူဆိုတော့ ကျနော့်ဝါသနာဗီဇနဲ့ ကိုက်ညီပါတယ်လို့ စိတ်ထဲမှာ ကောက်ချက်ချလိုက်ပါတယ်။

ဒါနဲ့ပဲ နောင်တော်ကြီးကို ကျနော် ကတိပေးခဲ့လိုက်ပါတယ်။ ကျနော်တို့ လူငယ် နိုင်ငံရေးသမား တွေကို အမေစု ဆုံးမထားတာလေး ရှိပါတယ်။

“နိုင်ငံရေးသမားဆိုတာ စကားပြောကျွမ်းကျင်ရတယ်၊ ဒါပေမဲ့ ကိုယ်ပြောတဲ့စကားကို ကိုယ် တာဝန်ယူနိုင်မှ ပြောပါတဲ့”

ဒီဆုံးမစကားက ကျနော်တို့ လူငယ်နိုင်ငံရေးသမားတွေ လိုက်နာကျင့်သုံးရမယ့် အဆုံးအမ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော် ကတိကို လွယ်လွယ်နဲ့မပေးဖြစ်တော့ပါ။ ကတိမပေးခင် ကိုယ်ပေးသောကတိ တည်နိုင်၊ မတည်နိုင် သေချာစွာ စဉ်းစားပြီးမှ ကတိပေးဖြစ်ပါတယ်။ ထိုကဲ့သို့ ကတိပေးလိုက်ပြီဆိုပါက ကျနော်ဟာ သေရေးရှင်ရေးတမျှ ထိုကတိစကားကို တည်နိုင်ဖို့အတွက် ကျနော် ကြိုးစားအားထုတ်ပါတယ်။

အဲဒီကတိကြောင့်ပဲ စနေနေ့တိုင်း ကျောက်ပန်းတောင်းမြို့ ပုပ္ပါးက အမေ့ခြံမှာ တတိယမျိုးဆက်ရဲ့ တာဝန်ကျေပွန်ဖို့အတွက် ကျနော်ရဲ့အချိန် (အသက်=ဘဝ) ပေးဖို့ ကတိပေးခဲ့လိုက်ပါတယ်။ ရက်သတ္တပတ် တနင်္ဂနွေနေ့တွေမှာတော့ ပုဂံမြို့ နတ်ကြိုအိုင်ရွာ၊  မိလိန္ဒစာကြည့်တိုက်မှာ အချိန်ပေးပြီး လူငယ်မျိုးဆက်တွေကို စွမ်းရည်ပြည့်ဝတဲ့ မျိုးဆက်ကောင်းတွေ ဖြစ်လာဖို့အတွက် ကျနော် ကြိုးစားပေးခဲ့ပါတယ်။

မိလိန္ဒစာကြည့်တိုက်အကြောင်းကိုတော့ သီးသန့် တခမ်းတနား ရေးရဦးမှာဖြစ်ပါတယ်။ အဲဒီမှာတော့ မျိုးဆက်ဟောင်းတို့ရဲ့ လူငယ်တွေအပေါ်မှာထားတဲ့ စိတ်စေတနာဟာ တိုင်းပြည်နဲ့ မျိုးဆက်အတွက် ဘယ်လောက်အရေးကြီးသည်ကို တွေ့ရ မြင်ရ ကြားကြရဦးမှာပါ။

အမေ့ခြံထဲမှာ ကျနော့်ရဲ့မွေးနေ့ကို အသက်တမျှ ဖြတ်သန်းခွင့်ရတာ သဘာဝတရားကြီးကို ကျေးဇူးတင်မိတယ်။ ထိုနေ့က ပုပ္ပါးတောင်မကြီးကို တိမ်ဖြူတွေက မြင်းဖြူတပ်ကြီးပမာ ဝိုင်းပတ်ပြီး ပြေးနေသည့်အလား ကြည်နူးစရာ မြင်တွေ့ခဲ့ရပါတယ်။ ပုပ္ပါးမြေဟာ ပုဂံပြည်အတွက် အောင်မြေပါပဲ။ ကျနော်ဟာ ယုံကြည်မှုတခု ရခဲ့ပါတယ်။

လူငယ်စာရေးဆရာတွေအထဲမှာ ကျနော် အင်မတန်ကြည်ညိုလေးစား အားကျရတဲ့ လူငယ်စာရေးဆရာတယောက် ရှိပါတယ်။ ညီအစ်ကိုလို့လည်း ပြောလို့ရပါတယ်။ သူ့အကြောင်းကလည်း‌ စာတစောင် ပေတဖွဲ့ ရေးရမယ့် ပုဂ္ဂိုလ်တဦးပါပဲ။ ကျောက်ပန်းတောင်းက ကျနော့်နောင်တော်တွေ လူငယ်စွမ်းရည်ပြပွဲတုန်းက စာပေဟောပြောပွဲ ထည့်ခဲ့တယ်။ အဲဒီမှာ ဆရာအလင်းဆက် (IR) ကို ဖိတ်ခဲ့ပါတယ်။ နောင်တော်ဆရာကို ပုပ္ပါးက အမေ့ခြံကို ပို့ပေးခဲ့တယ်။ သူ့မှာလည်း ပုပ္ပါးနဲ့ ပဋ္ဌာန်းဆက်ရှိနေခဲ့တာကို သိခဲ့ရပါတယ်။ ထူးဆန်းပေစွ။

စကားများပြောရရင် နောက်ရက်ထဲကအချိန်ကိုပါ ချေးပြီး ပြောကြမယ့် ညီတော် နောင်တော်တွေ တွေ့ဆုံခန်းက အမေ့ခြံထဲမှာ အောင်ဆန်းမျိုးစေ့တွေ ရောင်စုံပန်းတွေ ပွင့်ခဲ့ပါတယ်...။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024