Home
မြန်မာသတင်း
ပေါင်းတည်နှင့်ကညွှတ်ကွင်းမြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
June 17, 2023

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်း ဧက ၅၀၀ အကွက်အမှတ် ၄၀ နားမှာ ဇွန် ၁၄ ရက် မနက် ၈ နာရီလောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း မိုင်းကွင်းထဲဝင်လာစဉ် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PPDF) က အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး အပြင်းအထန်ဒဏ်ရာ ရရှိသွားခဲ့သလို ဒဏ်ရာရရှိသူတွေကို စောင်ပုခက်လုပ်ကာ ထမ်းစင် ၅ ဆိုင်းနဲ့ ထမ်းပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနေခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များနေတယ်လို့ သိရပါတယ်။

ဇွန် ၁၃ ရက် မနက် ၅ နာရီလောက်ကလည်း ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့ ငါးမြစ်ချင်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၂၀ ကျော်ပစ်ခတ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူတွေ ဘေးလွတ်ရာ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။

ဇွန် ၁၀ ရက် မနက် ၁၁ နာရီလောက်ကလည်း ကညွတ်ကွင်းမြို့ အရှေ့ဘက် ဘုရားလဟာကျေးရွာနဲ့ ငါးမြစ်ချင်းကျေးရွာကြားရှိ သစ်ပတ်ချောင်းမှာ  ဖြူးမြို့နယ် ပကဖ၊ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ ကတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ယောက်ကျဆုံးပြီး အရာရှိ ၂ ယောက်နဲ့ တပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းအဖွဲ့ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၁၁ ရက် ညနေ ၆ နာရီခွဲလောက်ကလည်း ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမခြေရင်း ရွှေလေးကြိုးဝိုင်း တလားဂူလျှိုနား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ နဲ့ တပ်ရင်း ၃၆၀၂ တို့ ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ပဲခူး တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024