Home
ဆောင်းပါး
တရုတ်ဆေးမြီးတိုအလွန် မျက်ဖြူလန်လာတဲ့ စစ်ဗိုလ်ချုပ်တွေ
DVB
·
June 16, 2023

စာဖတ်နေသူကြီးဟာ ဆိုင်းမဆင့်ဗုံမပါ ကောက်ကာငင်ကာပဲ အရူးမီးဝိုင်းဖြစ်နေတဲ့ သူ့စစ်အုပ်စုဘက်ကနေ မြန်မာ့နိုင်ငံရေးမျက်နှာစာပေါ် တက်လာခဲ့တယ်။ တရုတ်အစိုးရကပဲ သူတို့ပြောဆိုလို့မရတဲ့ မင်းအောင်လှိုင်ကို စိတ်ပျက်လက်ပျက်ဖြစ်ပြီး ‘ခင်ဗျားတပည့် ခင်ဗျားကြည့်ပြောပေးပါဦး’ လို့ဆိုကာ နားချခိုင်းတာလား။ မင်းအောင်လှိုင်ကပဲ ‘အဘကြီးဝင်ပါမှ ဖြစ်တော့မယ်’ ဆိုပြီး ဇွတ်အတင်းပြောနေလို့ ဝင်ပါလိုက်ရတာလား။ နွေဦးတော်လှန်ရေးသာ အောင်ပွဲခံခဲ့ရင် သေခါနီးအချိန်မှ အကျယ်ချုပ်ဘဝတင်မက အာဏာနဲ့ သိုက်တူးခဲ့သမျှ ဘဝပေါင်း ၂၀၊ ၃၀ မကုန်ခန်းနိုင်တဲ့ စည်းစိမ်တွေပါ ပြုတ်ရချည်ရဲ့ဆိုပြီး သူ့အကျိုးစီးပွားအတွက် သူဝင်ပါလာတာလား။ မသဲကွဲလှပေမဲ့ မမြင်တာ တော်တော်ကြာပြီ ဖြစ်တဲ့ ဒုတိယအာဏာရှင်ဟောင်း သန်းရွှေရဲ့မျက်နှာဟာ မီဒီယာပလက်ဖောင်းပေါ်  ပုံဆိုးပန်းဆိုး ခုန်တက်လာတော့တယ်။

သန်းရွှေမျက်နှာ ပြန်ပေါ်လာပြီး ဘယ်ကြာလိမ့်မတုန်း။ အရှိန်အဟုန်ပြင်းလွန်းလှတဲ့ မိုခါမုန်တိုင်းက အစွမ်းကုန်ခြေမွခဲ့လေတော့ တချိန်တုန်းက သန်းရွှေနဲ့ စစ်ခေါင်းဆောင်တွေ တာဝန်မဲ့မှုကြောင့် ပြည်သူ သိန်းနဲ့ချီ သေဆုံးခဲ့တဲ့ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းကြီးကိုပါ အမှတ်ရမိပါတယ်။ ပြီးတော့ ပြည်သူတွေ သိန်းနဲ့ချီသေ၊ သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးပျောက်အိမ်ပျောက် အမှောင်တိုက်ထဲ မျက်ရည်စက်လက်ကျနေတဲ့ကြားထဲ ၂၀၀၈ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ လုပ်ချင်ယောင်ဆောင်ပြီး မရမက ပြဋ္ဌာန်းခဲ့တာလည်း မမေ့နိုင်စရာပါပဲ။

သန်းရွှေဟာ အဲဒီတုန်းက သူဖော်စပ်ခဲ့တဲ့ စစ်တပိုင်း ဒီမိုကရေစီကို ပြည်သူ့ဆန္ဒမပါဘဲ အောင်မြင်စွာနဲ့ ကနဦးခြေလှမ်း လှမ်းနိုင်ခဲ့ပါတယ်။ စစ်တပိုင်း ဒီမိုကရေစီရဲ့ အာသာရမ္မက်ကြမ်းက ကြံ့ဖွတ်ပါတီနဲ့ စစ်တပ်ပေါင်းပြီး တိုင်းပြည်အာဏာကို မျိုးဆက် သုံးလေးဆက်မက ရွေးကောက်ပွဲနည်းလမ်းနဲ့ တရားဝင်သိမ်းပိုက်ရေးပဲ ဖြစ်ပါတယ်။

သန်းရွှေဟာ နိုင်ငံရေးပါးနပ်မှုရှိလေတော့ ပြည်သူတွေရဲ့ နှလုံးသားထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဘယ်လိုအကြောက်တရားမျိုးနဲ့မှ သူဆွဲထုတ်လို့မရခဲ့မှန်း ကောင်းကောင်းသိခဲ့တယ်။ အဲဒါကြောင့် သူဖော်စပ်ခဲ့တဲ့ စစ်တပိုင်း ဒီမိုကရေစီ ပလက်ဖောင်းပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ လုံးဝမပါအောင် ပြတ်ပြတ်သားသား ပယ်ချခဲ့တယ်။ ပြီးတော့ သူတို့စစ်ခေါင်းဆောင်တွေ စိတ်ချလက်ချ အာဏာရရှိစေရေးအတွက် ကြံ့ဖွတ်နဲ့ စစ်တပ် ၂၅ ရာခိုင်နှုန်း အကျောပေးစနစ်ကိုလည်း တီထွင်ခဲ့သေးတယ်။

NLD မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ ကြံ့ဖွတ် အာဏာရလာ။ သန်းရွှေခန့်လို့ သမ္မတဖြစ်လာတဲ့ သိန်းစိန်ရဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဘဝင်အရ NLD ပါတီ စစ်တပိုင်း ပလက်ဖောင်းပေါ် ရောက်လာ။ ပြည်သူပေးတဲ့အာဏာကို ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ ရရှိလိုက်တဲ့အခါ စစ်အုပ်စုတခုလုံး ရှော့ခ်ရသွားခဲ့တယ်။ NLD အစိုးရလက်ထက်မှာ တိုင်းပြည် ဗြောင်းဆန်ကာ မဖွံ့ဖြိုးစေရေး စစ်အုပ်စုဝင်တွေ အောက်လမ်းနည်းမျိုးစုံနဲ့ ကန့်လန့်တိုက်။ အဲဒီကြားထဲကပဲ ဒီတသက်တော့ ရိုးရိုးသားသားနည်းနဲ့ စစ်ခေါင်းဆောင်တွေ အာဏာပြန်မရတော့မှာ သေချာကြောင်း ၂၀၂၀ ရွေးကောက်ပွဲက သက်သေပြပြီးတဲ့ အချိန်မှာတော့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင်က မအောင်မြင်တဲ့ အာဏာသိမ်းပွဲကို စတင်လိုက်တော့တယ်။

မင်းအောင်လှိုင်က သိန်းစိန်ရဲ့ စိတ်ကူးယဉ်မှုကြောင့် မအောင်မြင်ခဲ့တဲ့ သန်းရွှေလိုင်းကို ဆက်ဖောက်ဖို့ ကြိုးစားပြန်တယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီတင်မက သူ့ဩဇာမခံတဲ့ ဒီမိုကရေစီ အတိုက်အခံပါတီတွေ လုံးဝမပါတဲ့ ၂၀၂၃ ရွေးကောက်ပွဲ။ ပြီးတော့ အဲဒီရွေးကောက်ပွဲကနေတဆင့် ဘယ်ပါတီ ဘယ်လောက်နိုင်နိုင် စစ်အုပ်စုသာလျှင် အစိုးရဖွဲ့နိုင်မယ်ဆိုတဲ့ ၂၅ ရာခိုင်နှုန်း အကျောပေးစနစ်ထက် ပိုပြင်းတဲ့ ဥပဒေပြင်ဆင်ချက်တွေနဲ့ ရာသက်ပန် တရားဝင်အာဏာသိမ်းပိုက်ခြင်းလမ်းကို ဗြောင်ကျကျ ခြေလှမ်းပြင်ခဲ့တယ်။ မင်းအောင်လှိုင်က သေနတ်ချင်းယှဉ်ပစ်နေတဲ့ PDF တွေကို ရအောင်ရှင်းပြီး ရွေးကောက်ပွဲ ဖြစ်အောင်လုပ်မယ်လို့ ပိုင်းဖြတ်ခဲ့တယ်။

၂၀၂၂ ခုနှစ် တနှစ်လုံး မင်းအောင်လှိုင်တပ်ဟာ PDF တွေကို လုံးဝရှင်းဖို့ အစွမ်းကုန် အားထုတ်ရင်း တူမီးနဲ့စခဲ့တဲ့ PDF တွေဟာ ဖိနှိပ်မှုပြင်းထန်လွန်းတဲ့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးဦးကျမှာပေါက်တဲ့ မျှစ်တွေလို ရုန်းကန်ထကြွကာ  ချွန်မြပြီး ထွက်လာခဲ့ကြတယ်။ PDF တွေကို မပြုတ်နိုင်တော့မှန်းသိတဲ့ မင်းအောင်လှိုင်တပ်တွေက ဆေးတိုးမလားဆိုပြီး အရက်စက်ဆုံးနဲ့ နောက်ဆုံးနည်းကို ထပ်ကျင့်သုံးခဲ့ပြန်တယ်။ အဲဒါကတော့ PDF တွေကို ပံ့ပိုးနေတယ်ဆိုပြီး ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်ကာ ပြည်သူကို အကြောက်တရားနဲ့ ဒုက္ခတရားတွေ ပေးခြင်းပါပဲ။ ရွာတွေကိုမီးရှို့တယ်၊ တွေ့ရာလူပစ်တယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုလို အစုလိုက်အပြုံလိုက် သတ်တယ်။ တချိန်က ဖက်ဆစ်လို့ဆိုတဲ့ ဂျပန်တွေ မြန်မာနိုင်ငံကို ကျွန်ပြုခဲ့စဉ်က မကျူးလွန်ခဲ့ဘူးတဲ့ စစ်ရာဇဝတ်မျိုးစုံကို မင်းအောင်လှိုင်တပ်က ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျူးလွန်လျက်ရှိတယ်။

ဒါပေမဲ့ PDF တွေလည်း ရှေ့သို့ချီ၊ စစ်အုပ်စုကို အာဆီယံကပင် ဆေးဖော်ကြောဖက် မလုပ်။ အဆိုးရွားဆုံး အခြေအနေက မင်းအောင်လှိုင် စိတ်ကူးယဉ်နေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ဘယ်ကမ္ဘာကမှ လက်မခံခြင်းပါပဲ။ အဲဒီမှာ မင်းအောင်လှိုင်က ရေတိမ်ကို ရောက်မလားလို့ လျှောက်ရင်း ရေနက်ထဲ ရောက်သထက် ရောက်နေမှန်း သိရှိလာပုံရသလို မိုက်မိုက်ကန်းကန်းနဲ့ နောက်တလှမ်းဆက်တိုးရင် ခေါင်းပါမကျန် နစ်တော့မယ်မှန်း သိရှိပုံပါပဲ။

ဒါ့ကြောင့်လည်း တရုတ်ဖော်စပ်ပေးတဲ့ မြန်မာအရေး ဆေးမြီးတိုကို လက်မခံချင်ဘဲ လက်ခံချင်ယောင် ဆောင်လိုက်ပုံရပါတယ်။ တရုတ်ဖော်စပ်လိုက်တဲ့ ဆေးမြီးတို ဆိုတာက ရွေးကောက်ပွဲလည်းလုပ်၊ NLD ပါတီလည်း ရွေးကောက်ပွဲဝင်ပြိုင်၊ ရွေးကောက်ပွဲကို ငြင်းဆန်တဲ့ ဒီမိုကရေစီအင်အားစု မှန်သမျှကို မြန်မာ့နိုင်ငံရေး ပလက်ဖောင်းပေါ် အလာမခံနဲ့ ဆိုတဲ့ စစ်အုပ်စု ထွက်ပေါက်ရစေရေး ကုထုံးဖြစ်တယ်။

တရုတ်ဆေးမြီးတိုရဲ့ မြန်မာပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးကို ပြောကြားလိုက်တာက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မေ့ပစ်လိုက်၊ စစ်တပ်က အာဏာသိမ်းတာကို အာဏာသိမ်းတာ မဟုတ်ဘူးလို့ လက်ခံလိုက်၊ မင်းအောင်လှိုင်တပ်တွေက ပြည်သူကိုသတ်၊ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့အပေါ်လည်း မသိချင်ယောင်ဆောင် မေ့ပစ်လိုက်။ မင်းအောင်လှိုင်သွားနေတဲ့ မြန်မာနိုင်ငံ ရာသက်ပန် စစ်ကျွန်ပြုရေးဇာတ်မှာ ပြည်သူဟာ ထားရာနေ စေရာသွားအဖြစ်နဲ့  စစ်အာဏာရှင်တွေအလိုကျ မော်ဖူးစေ ဆိုတာမျိုး။

မင်းအောင်လှိုင်က တရုတ်ဆေးမြီးတိုကို ခံတွင်းမတွေ့ပေမဲ့ မြိုချချင်ယောင် ဆောင်ကြည့်တယ်။ ဒါပေမဲ့ အကြီးကြီးသော ပြဿနာကြီးက တရုတ်ရဲ့ စစ်အုပ်စုအခြေပြုကုထုံးမှာ NLD ပါတီရဲ့ သဘောထားက စစ်အုပ်စုနဲ့အပြိုင် အခရာကျနေခြင်းပါပဲ။ စစ်အုပ်စုပြုလုပ်ခွင့်မရှိတဲ့ ရွေးကောက်ပွဲကို NLD ပါတီ လက်ခံအသိအမှတ်ပြုကာ ဒူးထောက်လက်မြှောက်ပြီး ရွေးကောက်ပွဲဝင်မလားဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေရဲ့ သဘောထားက အရေးပါနေပါတယ်။ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ် ပြုလိုက်တာဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီးသား ဖြစ်ရုံတင်မက စစ်အုပ်စုက ပြောင်ပြောင်တင်းတင်း အောက်တန်းကျခဲ့တဲ့ မဲလိမ်မဲခိုး စွပ်စွဲချက်အပေါ် ခေါင်းညိတ် သဘောတူလိုက်တဲ့ သဘောပါပဲ။

အတည်ပြုလို့မရသေးပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ သတင်းတပုဒ် မေလဒုတိယပတ်အတွင်း ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံပြီး ရွေးကောက်ပွဲဝင်ဖို့ ပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်တယ် ဆိုတာပါပဲ။ နောက်ထပ်ထူးခြားတဲ့ သတင်းတပုဒ်က NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ အမရပူရမြို့နယ်ထဲက နေအိမ်ကို မေလ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခြင်းပါပဲ။ စစ်အုပ်စုရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းကာလ တောက်လျှောက် မြန်မာနိုင်ငံတဝန်းက NLD ပါတီရုံးတွေကိုသာ အကြမ်းဖက် ဖျက်ဆီးခဲ့ရာကနေ အခုကျမှ ဒေါက်တာဇော်မြင့်မောင်အိမ်ကိုပါ ဘာ့ကြောင့် တိုက်ခိုက် ခြိမ်းခြောက်လာရတာပါလဲ။ NLD ပါတီ ရွေးကောက်ပွဲဝင်ဖို့ ဒေါက်တာဇော်မြင့်မောင်ကို စစ်အုပ်စုက သွားညှိနှိုင်းရာမှာ ဒေါက်တာဇော်မြင့်မောင်က ပယ်ချလိုက်တာကြောင့်များလားလို့ ဆက်စပ်တွေးနိုင်ပါတယ်။

ပြောရရင် တရုတ်ရဲ့ မြန်မာ့အရေး စိတ်ကူးယဉ်ခန်းဟာ စစ်အုပ်စုအတွက်လည်း ခါးသက်သက်ဖြစ်နေသလို NLD ပါတီအတွက်ရော ဒီမိုကရေစီအင်အားစု အားလုံး အတွက်ကတော့ စဉ်းစားခန်းဝင်စရာမလိုဘဲ ပယ်ချပြီးသားဖြစ်နေတာ အသေအချာပါပဲ။

စစ်အုပ်စုအတွက်ကတော့ NLD ရဲ့ ပယ်ချမှုအပေါ် လက်ညှိုးထိုးကာ သူသွားချင်နေတဲ့ NLD နဲ့ ဒီမိုကရေစီအင်အားစုတွေ မပါတဲ့ ရွေးကောက်ပွဲဆီ ဆက်လျှောက်ဖို့ တရုတ်ကို အကြောင်းပြချက် ကောင်းသွားပုံပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ စစ်အုပ်စုကို မျက်နှာချင်းဆိုင်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ကောင်းကောင်း ရှင်းထားနိုင်မှ။ သူတို့ကို ကောင်းကောင်းရှင်းနိုင်ဖို့ဆိုရင် စစ်ဘောင်ကို အတတ်နိုင်ဆုံး ချုံ့ပစ်နိုင်ဖို့ လိုပါမယ်။ ဒါ့ကြောင့် စစ်အုပ်စုက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ ဇွန် ၁ ရက်မှာ တွေ့ဆုံဖို့ တရုတ်ကို အပူကပ်ခဲ့ပုံရပါတယ်။ တရုတ်ရဲ့ တိုက်တွန်းချက်နဲ့ မဟာမိတ် ၃ ဖွဲ့က မိုင်းလားမှာ စစ်အုပ်စုနဲ့ တွေ့ဆုံခဲ့ပေမဲ့ မူလသတ်မှတ်ချက် ဆွေးနွေးရက်မတိုင်မီ အဆုံးသတ်သွားရုံတင်မက တိုက်သံခိုက်သံ သေနတ်သံတွေ ကြားလာရခြင်း အဖြေသာ ထွက်ခဲ့ပါတယ်။

ပြောရမယ်ဆိုရင် မြန်မာ့အရေး တရုတ်ဆေးမြီးတိုဟာ ကင်ဆာကျွမ်းနေတဲ့လူနာကို ဘီးစပ်ရွက်ပြုတ်တိုက်ပြီး ရောဂါလုံးဝပျောက်ကင်းဖို့ မျှော်လင့်ချက်ကြီးနေခြင်းမျှသာ ဖြစ်တာကြောင့် စောစောစီးစီး ပွဲပြီးသွားပြီ ဖြစ်ပါတယ်။

ဒါနဲ့ အကြမ်းဖက်စစ်တပ် အသက်ရှူချောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရှိန်အဟုန်ပြင်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုကို တားမြစ်ကာ ငြိမ်းချမ်းရေးမိခင် လုပ်ပေးဖို့နဲ့ တိုင်းပြည်အေးချမ်းသွားတဲ့အခါ နိုင်ငံရေးထဲ ဝင်မပါတော့ဘဲ  စစ်တပ်အုပ်ချုပ်သမျှ ငုတ်တုတ်ထိုင်ကြည့်နေဖို့ သန်လျင်က အာဏာရှင်အလိုကျ ဘုန်းကြီးရဲ့ ရုပ်သံ ထွက်ပေါ်လာပါတော့တယ်။

ဆက်တိုက်ဆိုသလိုပဲ စစ်အုပ်စုခန့် ဗိုလ်ချုပ် ၂ ဦး နေပြည်တော်ထောင်ထဲက ဒေါ်အောင်ဆန်းစုကြည်ထံ သွားတွေ့ကာ နိုင်ငံတဝန်း လက်နက်ကိုင်အုံကြွမှု ကျယ်ပြန့်လာတာကို ဝင်ရောက်ထိန်းကျောင်းပေးဖို့ သွားပြောခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာမှမတုံ့ပြန်ခဲ့ကြောင်း သတင်းမီဒီယာပလက်ဖောင်းပေါ် တက်လာပါတယ်။

မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင်ဟာ သူ့အတွက် အကျိုးရှိမယ်ဆိုရင် အခုလို ကျပ်မပြည့်တဲ့ ကယောင်ကတမ်း အပြုအမူတွေ လုပ်ရုံတင်မက ဒေါ်အောင်ဆန်းစုကြည်ကို ဒူးထောက်တောင်းပန်ဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်ပြည်သူကမှလည်း ဘာကြီးလုပ်ပြပြ ခွင့်လွှတ်ကြမှာ မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တဲ့သတင်းသာ မှန်ခဲ့ရင် သိပ်မကြာခင်မှာ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်အားပေး နိုဘယ်လ်ဆုရှင်တယောက်လို့ စွပ်စွဲ ဝါဒဖြန့်တဲ့ဟာသ ထွက်ပေါ်လာနိုင်သလို မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကလွဲ အခြားမရှိပါဘူး။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024