Home
မြန်မာသတင်း
မုံရွာ GTC တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
June 15, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နည်းပညာတက္ကသိုလ် (GTC) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဇွန် ၁၄ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ Golden Eagle Force -Monywa က သတင်းထုတ်ပြန်ပါတယ်။

ပူးပေါင်းတပ်ဖွဲ့ဝင်တွေက နေ့လယ် ၁ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးလည်း ခေါင်းကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

GEF-Monywa သတင်းပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က “ကျနော်တို့တပ်ဖွဲ့ဝင် ၁ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ကျောင်းအပေါ်ထပ်က ပြန်ပစ်တာပေါ့။ ကျောင်းရှေ့ဂိတ်စခန်းမှာက လေးယောက်ပဲရှိတာ၊ အဲ့ကောင်တွေက ပြန်မပစ်နိုင်ဘူး။ ဒဏ်ရာရရှိတဲ့သူကိုတော့ ဆေးကုသပေးထားပါတယ်။ စိုးရိမ်စရာ အခြေအနေတော့ မရှိတော့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေ မိုးပေါ်ထောင်ဖောက်ကာ လမ်းသွားလမ်းလာတွေကို အချိန်ကြာမြင့်စွာ စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်ထားတာကို မသိလိုက်တော့ ကျနော်လည်း ဖြတ်သွားတယ်။ လူရော ကားရော အချိန်အကြာကြီး စစ်ဆေးတာဗျ။ သူတို့‌ပြောသံကြားတာတော့ တပ်ကြပ်ကြီးနဲ့ တပ်သားနှစ်ယောက် သေပြီလို့ ပြောသံကြားတယ်။ အဲ့ဒီနေရာမှာလည်း အင်အားအများကြီး ထပ်တိုးထားတယ်။” 

အခုတိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ ကြယ်နီတပ်ဦး (PLA)၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ GMPDF နဲ့ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024