ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မြို့ပေါ် ၂ ရပ်ကွက်နဲ့ အဝစုကျေးရွာမှာ ဇွန် ၁၄ ရက် ညက ဆိုင်ကယ်တိုက်မှု နှစ်ကြိမ်ဖြစ်ပြီး အမျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောင်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ဆေးရုံရှေ့လမ်းမပေါ်မှာ မနေ့ည ၈ နာရီက ဆိုင်ကယ်နှစ်စီးတိုက်မိပြီး အမျိုးသားတဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဆေးရုံရှေ့မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်က ကောင်လေးသေတာ၊ ချက်ချင်းမသေ၊ ဆေးရုံရောက်မှသေတာ၊ ညနေကလည်း တံခွန်တိုင်ဘက်မှာ ကားနဲ့ဆိုင်ကယ်တိုက်တာ၊ တယောက်သေတယ်။”
ညနေ ၅ နာရီကျော်ကလည်း ကျောင်းကုန်းမြို့နယ် တံခွန်တိုင်အုပ်စု၊ အဝစုကျေးရွာအနီးမှာ လိုက်ထရပ်ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ အမျိုးသားဒဏ်ရာရကာ အမျိုးသမီး သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“လိုက်ထရပ်ကားက ဆိုင်ကယ်ကိုဝင်တိုက်တာ၊ ဦးလေးကြီးက ဒဏ်ရာရတယ်၊ သူ့မိန်းမသေသွားတယ်၊ အခုရက်ပိုင်း ယာဥ်တိုက်မှုတွေ မကြာခဏဖြစ်နေတယ်၊ ဖြစ်လိုက်ရင်လည်း အသေချည်းပဲ။”
အဆိုပါယာဥ်တိုက်မှုနှစ်ခုမှာ ကိုဇော်လင်းနဲ့ ဒေါ်ဒီဇင်ဘာ ဆိုသူတို့ သေဆုံးပြီး ဦးစံထွေး၊ ကိုစောမူးဒင်နဲ့ ကိုရဲမင်းသူတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ယာဥ်တိုက်မှုမှာပါတဲ့ ကားသမားရော ဆိုင်ကယ်မောင်းတဲ့သူတွေရော ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်။”
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက် မနက်ကလည်း ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်အုပ်စု၊ အနောက်ကျေးရွာအနီးမှာ ခရီးသည်တင်ယာဥ်တစီးက ရပ်ထားတဲ့ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသမီး သေဆုံးခဲ့ပါတယ်။