Home
မြန်မာသတင်း
ရေးမြို့၌ အရပ်သားကားဖြင့်လိုက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ
DVB
·
June 15, 2023

မွန်ပြည်နယ်၊ ရေးမြို့ကနေ အရပ်ဘက်ကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီ တပ်သားတွေကို KNLA တပ်ရင်း ၂၇ က ထီးမေဘောတံတားအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ KNLA တပ်ရင်း ၂၇ တာဝန်ရှိသူက ပြောပါတယ်။

မနေ့ ဇွန် ၁၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်လောက်က မွန်ပြည်နယ်၊ ရေးမြို့နယ်ဘက်ကနေ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမကြီးအတိုင်း အရပ်သားကားအသုံးပြုပြီး စီးနင်းလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေကို နှင်းစုံနဲ့ စံပြကြားရှိ ထီးမေဘောတံတားအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ KNLA တပ်ရင်း ၂၇ မှ တာဝန်ရှိသူက ပြောပါတယ်။

KNLA တပ်ရင်း ၂၇၊ ခွဲ ၃ တပ်စုက စောင့်ကြိုပစ်ခတ်ခဲ့ရာ ကားနှစ်စီး ထိုးရပ်သွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိပေမဲ့ KNLA ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

KNLA တပ်ရင်း ၂၇ ဟာ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်က မော်မြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းပိုင်း သွားလာကြမယ့် ကားတွေမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့တဲ့ လူနဲ့ ပစ္စည်းတွေ သယ်ဆောင်လာရင် စစ်ဆေးတွေ့ရှိမှုပေါ်မူတည်ပြီး အရေးယူမယ်ဆိုတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ KNLA တပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာလက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေ တင်ဆောင်တာမျိုး မပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုး မပြုလုပ်ကြဖို့နဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာ အစစ်ဆေးခံဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အခုလို အမိန့်စာထုတ်ပြန်ရတာဟာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေဟာ ခရီးသွား ပြည်သူတွေကို အကာအကွယ်ယူပြီး သွားလာနေတာတွေ၊ အင်အားဖြည့်တင်းတာတွေ လုပ်နေတဲ့အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအမိန့်ဟာ ဒီနေ့ ဇွန် ၁၅ ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024