ထိုင်းနိုင်ငံ၊ ဘန်ကောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြန်မာ ၈ ဦးနဲ့အတူ နိုင်ငံခြားသား ၁၇ ဦးတို့ကို ရက်လွန်နေထိုင်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြပါတယ်။
ဇွန် ၁၃ ရက်က ဘန်ကောက်မြို့၊ သီရိချန်၊ အမှတ် ၃၄ စွန်ဖက်လမ်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုထဲကို နယ်မြေခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ရက်လွန်နေထိုင်သူတွေကို နှိမ်နင်းရေး စီမံချက်အရ သွားရောက်စစ်ဆေးရာကနေ ဖမ်းမိခဲ့တာပါ။
အဆိုပါလုပ်ငန်းခွင်အတွင်းကို စစ်ဆေးရာ အလုပ်ရှင် သူဌေးချင်း မတူညီတဲ့အပြင် လာရောက်တဲ့ နိုင်ငံချင်းလည်း မတူညီတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၇ ဦးကို သက်တမ်းကုန် နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေက မြန်မာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ ကမ္ဘောဒီးယား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦးနဲ့အတူ ထိုင်းလူမျိုး ကန်ထရိုက်တာ ၂ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ထိုင်းလူမျိုး ၂ ဦးကို အလုပ်ရှင်မတူ ခိုင်းစေမှု၊ ရက်လွန်လုပ်သား ခိုင်းစေမှုတွေနဲ့ တရားစွဲဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဖမ်းဆီးရမိတဲ့ လုပ်သားတွေကိုတော့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရက်လွန်နေထိုင်မှုတွေနဲ့ အရေးယူခံရမှာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်းအလုပ်အကိုင် ရှားပါးမှု၊ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် နီးစပ်ရာနိုင်ငံတွေကို တရားမဝင်လမ်းကြောင်းတွေကနေ အလုပ်လုပ်ကိုင်ဖို့ လာရောက်ရာက မကြာခဏ ဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်က စမွတ်ပရာကန်ခရိုင်မှာ ၁၄ ဦး၊ ပရာပရာ့ဒန့်ခရိုင်မှာ ၂ဝ ဦး အပါအဝင် စုစုပေါင်း ၅ဝ ကျော် ၃ ရက်အတွင်း ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
source - Mgronline