စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ရပ်ကွက်တခုနဲ့ ကျေးရွာတရွာကို စစ်ကောင်စီတပ်တွေဟာ ဇွန် ၁၄ ရက်က မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ညောင်ပင်ကြီးကျေးရွာနားက သိမ်တော်ရပ်ကွက်ကို ဒီနေ့မနက်မီးရှို့ပြီး ဘေးပတ်ဝန်းကျင်ရွာတွေဆီကို ၄၀ မမ ၆၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တာပါ။
ဒေသခံတယောက်က "နှင်းတောရွာက အမျိုးသား ၁ ယောက် ကျည်ထိပြီး အဲနေရာမှာပဲ သေဆုံးသွားတယ်။ နောက် ၂ ယောက်ကတော့ ဒဏ်ရာရတယ်။ တယောက်က တင်ပါးမှာ၊ နောက်တယောက်က လက်မောင်းမှာ" လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်သားတွေရှိနေသေးတာကြောင့် သေဆုံးသူရဲ့အလောင်းကို မသယ်ယူနိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နှင်းတောရွာက ပြည်သူ ၈ ယောက်လောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
ဒီညနေပိုင်းမှာ ဖလက်မော်တော်တစီး ညောင်ပင်ကြီးရွာမှာ ဆိုက်ကပ်ပြီး ဖလက်ပေါ်မှာ စစ်သုံးပစ္စည်း တွေနဲ့ ဖောကားတစီးပါလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ မိုင်းထောင် ဖျက်ဆီးနေတာကြောင့် ညောင်ပင်ကြီးရွာနဲ့ အနီးတဝိုက်က ကျေးရွာနေပြည်သူတွေဟာ ရွာတွေကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ဓာတ်ပုံ-သိမ်တော်ရပ်ကွက် မီးလောင်ပြင်များ