စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှာ ဇွန် ၉ ရက်ကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညောင်ပင်ကြီး ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်တပ်က တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုပါ ဇွန် ၁၄ ရက်အထိ ဆက်တိုက်မီးရှို့နေလို့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Hero Fighter (Salingyi) နဲ့ ပူးပေါင်းမဟာမိတ်တွေက ဇွန် ၁၃ ရက် ညနေ ၄ နာရီလောက်မှာ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲက စစ်ကောင်စီတပ် မီးရှို့နေတဲ့နေရာကို ၄၀ မမ လက်နက်ကြီးတွေနဲ့ ၁၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညနေက သွားပစ်ခဲ့တာ၊ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ သူတို့ဘက်ကတော့ အကျအဆုံး ရှိနိုင်ပေမဲ့ အတည်မပြုနိုင်သေးဘူးဗျ။ ၁၅ မိနစ်ထက် ပိုပစ်ချင်ပေမဲ့ သူတို့ဘက်က အင်အား ရာနဲ့ချီရှိတာကတကြောင်း ခဲယမ်း မလုံလောက်တာကတကြောင်းနဲ့ ပြန်ဆုတ်ခဲ့ရတယ်။ ဒီမနက်အထိဆို ၆ ရက်ဆက်တိုက်ပေါ့၊ အခုအထိ မီးရှို့နေတုန်းပဲ။”
အဆိုပါတိုက်ခိုက်မှုကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးအဖွဲ့၊ Chindwin Dynamite၊ Fighter 9 Force (Salingyi)၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ဒီကနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းကလည်း သိမ်တော်ရွာကို ထပ်မံမီးရှို့ခဲ့ပြီး ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပက်ကြီး၊ နှင်းတော၊ သိမ်တော်၊ ရွာရှည်၊ ထန်းတော၊ အိုမ၊ အင်းလေရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရပြီး အခက်အခဲတွေ ဖြစ်နေတယ်လို့ ဗိုလ်သူရိန်က ပြောပါတယ်။
“တိုက်ပွဲဖြစ်တာတွေက တရက်ပဲ၊ စစ်တပ်ကနေပြီးတော့ တိုက်ပွဲရှိတဲ့နေရာရော မရှိတဲ့နေရာရော အကုန်လုံးကို ရမ်းသန်းပြီး ပစ်နေတော့ ရွာတွေထဲကို လက်နက်ကြီးငယ်တွေ ကျတယ်ဗျ။ အဲ့ေတာ့ ကျေးရွာတွေက ဒေသခံ အကုန်ပြေးရတယ်။ အခုပြေးတဲ့အထဲက ပြည်သူတွေ စစ်ရှောင်နေရင်း အစားအသောက် မလုံလောက်လို့ တော်တော်ဒုက္ခရောက်နေပြီဗျ။ တတ်နိုင်တဲ့သူတွေ ကူညီပေးကြပါဦး။”
လက်ရှိမှာတော့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံထားရတဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ တောတွေ တောင်တွေထဲကို တိမ်းရှောင်နေရပြီး အကူအညီပေးအပ်မယ့်အဖွဲ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။