Home
မြန်မာသတင်း
ထိုင်းဘက် ထွက်ပြေးလာသည့် ကရင်နီစစ်ရှောင်များ အရေးပေါ်အကူအညီလိုနေ
DVB
·
June 14, 2023

ထိုင်း-ကရင်နီ(ကယား)နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ ထိုင်းနိုင်ငံဘက်ကို  ထွက်ပြေးတိမ်းရှောင်လာကြပြီး နေထိုင်စားသောက်ရေးအတွက် အရေးတကြီး လိုအပ်နေပါတယ်။

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ မယ့်စဲရဲစခန်းနဲ့ တောင်လှစခန်းကို ဒေသခံတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ဖြစ်တဲ့ KNDF နဲ့ KA ပူးပေါင်းတပ်တွေက ဇွန် ၁၃ ရက် မနက် ၆ နာရီမှာ သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အဲဒီဒေသမှာရှိတဲ့ စစ်ရှောင်တွေ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

မနေ့မနက်ပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး ညနေပိုင်းအထိ ထိုင်းနိုင်ငံ ဘက်ခြမ်းက ဆောင်ဟီကျေးရွာမှာ စစ်ရှောင် ၁၀၀၀ ကျော်ရောက်ရှိခိုလုံလာခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီလူ ၁၀၀၀ ကျော်က ရဲစခန်းမှာတချို့၊ ဘောလုံးကွင်းတချို့နဲ့ နွားခြံထဲ တချို့ ခွဲပြီး နေနေကြတယ်။ ဒီလူ တထောင်အတွက် စားစရာမရှိတော့ဘူး။ ဒီညအတွက်ပြီးရင် မနက်ဖြန် စားဖို့ မရှိတော့ဘူး။” 

ဆောင်ဟီကျေးရွာခံတွေဟာ များသောအားဖြင့် တောင်ယာလုပ်ကုန်စားသောက်ကြပြီး တနေ့လုပ် တနေ့စားတွေ ဖြစ်တဲ့အတွက် သူတို့အတွက် အပိုအလျှံမရှိသလို စစ်ဘေးရှောင်လာသူတွေအတွက်  သောက်သုံးရေနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

မယ်စဲ့မြို့နယ် ဟိုစဲမြို့နယ်ခွဲနဲ့အနီး ထိုင်း-မြန်မာနယ်စပ်အနီးမှာ ၂၀၂၁ ခု ကရင်နီပြည်နယ် တိုက်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ဒီးမောဆို၊ ဖရူဆိုနဲ့တခြားဒေသက ပြည်သူတွေဟာ အဆိုပါနေရာတွေဘက်ကို ပြောင်းရွှေ့ခိုလှုံကြတဲ့နေရာတွေဖြစ်ပြီး သူတို့အတွက် ယာယီစစ်ရှောင်စခန်းတွေ ပြုလုပ်ထားပါတယ်။ 

လက်ရှိ မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေထပ်မံဖြစ်ပွားတဲ့အတွက် အဆိုပါ စစ်ရှောင်စခန်းက စစ်ရှောင်တွေ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။ ကရင်နီပြည်နယ်ရဲ့ သံလွင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ တောင်လစခန်း၊ မယ်တနွယ်၊ BP-14 စခန်းကုန်းတွေမှာ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024