Home
မြန်မာသတင်း
ပလမြို့ ရဲစခန်းအနီး ဒေသခံ ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ
DVB
·
June 13, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလရဲစခန်းအနီးမှာ ဇွန် ၁၁ ရက် မနက်ပိုင်းက ဒေသခံ အမျိုးသား တယောက် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။

မိုင်းနင်းမိတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်လင်းအောင်မှာ ပလမြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်သူတဦးဖြစ်တယ်လို့ ‌ဆိုပါတယ်။

ပလမြို့ခံတဦးက “ကိုကျော်လင်းအောင်က ပလရဲစခန်းနဲ့ တတန်းတည်း ဆီဆိုင်အနောက်ဘက်လမ်းရဲ့ နေအိမ်မှာ ပိန္နဲသီးသွားကောက်ရင်း မိုင်းနင်းမိတာပါ။ အဲဒီ ပလရဲစခန်း အနီးနားတဝိုက်ကိုတော့ ကန့်သတ်ထားတဲ့နေရာပါ။ နေအိမ်တွေရှိပြီး လူတွေမနေကြဘူး” လို့ ပြောပါတယ်။

ပလမြို့ရဲစခန်း အနီးနားဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက မိုင်းထောင်ထားပြီး အဲဒီနေရာတွေကိုလည်း သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ပေါက်ကွဲသံကြားတယ်။ နောက်မှ လူတဦး မိုင်းနင်းမိမှန်းသိတယ်။ သေတော့မသေဘူး။ ခြေထောက်ပြတ်သွားတယ်လို့ သိရတယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ မိုင်းနင်းမိသူမှာ ခြေထောက်ပြတ်တောက်ခဲ့ပြီး မြိတ်မြို့မှာ ဆေးကုသမှု ခံယူနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်၊ မနက်ပိုင်းက ပုလောမြို့နယ်၊ နန်းတောင်ရွာ ဘုန်းကြီးကျောင်းအနီးမှာ ဒေသခံတဦး စစ်ကောင်စီဘက်ကထောင်ထားတဲ့ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024