အခုတပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းလာနိုင်တာကြောင့် ကမ်းရိုးတန်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးလာနိုင်ပြီး မြို့ပြနဲ့ မြစ်ချောင်းတွေ ရေကြီးရေလျှံနိုင်ခြေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ဇွန် ၁၂ ရက်ကနေ ၁၈ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး ဇွန် ၁၁ ရက်ကနေ ၁၆ ရက်တွေအတွင်း အာရေဗျပင်လယ်အတွင်း ဖြစ်ပေါ်အားကောင်းလာတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဘီပေါ်ဂျွိုင်း” (BIPORJOY) ဟာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နယ်ခြားကို ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေအင်အားကို ပိုမိုအားကောင်းလာစေ ဖို့ အဆိုပါမုန်တိုင်းဖြစ်စဉ်က တွန်းအားပေးနိုင်ကြောင်းနဲ့ လာမယ့် ရက်သတ္တပတ်မှာလည်း မြန်မာကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံလေ ဆက်လက်အားကောင်းပြီး မိုးပိုမိုရွာသွန်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အခုတပတ်မှာတော့ ထူးခြားချက်အနေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းက ရခိုင်ကမ်းရိုးတန်းအနီးမှာ အစပျိုးတဲ့ လေပွေလှိုင်းဟာ ကြိုတင်သုံးသပ်ထားချက်တွေအရ လေဖိအားနည်းရပ်ဝန်းအဆင့်နဲ့သာ ဘင်္ဂလားဒေ့ရှ်ကမ်းပေါ် ပျက်ပြယ်သွားခဲ့တယ်လို့ ဆိုပါတယ်။