နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ဖမ်းမိပါက သူတို့ ငှားနေတဲ့ အဆောင်၊ လိုင်းခန်းနဲ့ တိုက်ခန်းတွေကို ချိပ်ပိတ်သွားမယ်လို့ ဇွန်လ ၁၂ ရက် ညမှာ စစ်ကောင်စီက ကြေညာပါတယ်။
အခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွေမှာ ပါဝင် ပတ်သတ်သူတွေကို လိုင်းခန်းနဲ့ တိုက်ခန်းတွေမှာ ဖမ်းမိပြီးနောက် အခုလို ထုတ်ပြန်ခဲ့တာလို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုက ထုတ်ပြန်တာ။ ရန်ကုန်နဲ့ မန္တလေးက အဓိကပေါ့။ ပစ်ခတ်မှု ဖြစ်စဥ်အများဆုံးဖြစ်တဲ့နေရာက တိုင်းမှူးတွေရဲ့ တင်ပြချက်အရထုတ်တာ PDF တွေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကိုမိရင်အိမ်ကို အရင်ဆုံးချိပ်ပိတ်မယ်။ နိုင်ငံဘဏ္ဍာအဖြစ်သိမ်းမယ်။”
အိမ်လာငှားသူတွေဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလား၊ PDF လား ဆိုတာကို အိမ်ရှင်အနေနဲ့ ကြိုတင်သိရှိနိုင်ခြင်းမရှိတဲ့အတွက် စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အိမ်ရှင်တွေကိုသာ ထိခိုက်နစ်နာစေတယ်လို့ အဆောင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
"အိမ်လာငှားတဲ့သူကို PDF လား၊ နိုင်ငံရေးသမားလားဆိုပြီး မေးလို့ရမလား။ အိမ်ငှားနေတဲ့သူတွေကို တရားခံစစ်သလို မေးရမလိုဖြစ်နေပြီ။ စစ်တပ်လက်ထက်မှာ ဘာမှကို လုပ်စားလို့မရတာ။"
စစ်ကောင်စီတပ်အနေနဲ့ မိမိလုပ်ရမယ့်အလုပ်ကို လုပ်ဆောင်ခြင်းမရှိဘဲ ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ ပုံစံလုပ်ဆောင်တာ ဖြစ်တယ်လို့ အငြိမ်းစားရဲမှူးကြီး တဦးက ပြောပါတယ်။
"အခုဖြစ်နေတာက ရဲတွေက တရားခံဖမ်းဖို့မပြောနဲ့ ရပ်ကွက်ထဲတောင် မသွားရဲလို့ စစ်တပ်က လုံခြုံရေးပေးထားရတယ်။ စစ်တပ်က စာအုပ်ကြီးအတိုင်း ဗုံးပေါက်ပစ်ခတ်မှုဖြစ်ရင် အဲဒီနေရာက မဆိုင်တဲ့သူတွေဖမ်းတယ်။ မဆိုင်တဲ့ပြစ်မှုတွေ ဝန်ခံခိုင်းတယ်။ အခုလည်းပြည်သူအချင်းချင်းကို ရန်တိုက်ပေးတယ်။"
စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြီးခဲ့တဲ့နှစ်ကလည်း အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ခဲ့ပါတယ်။