ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ကျွန်းကုန်းကြီးကျေးရွာမှာ ဓားခုတ်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ရွာခံတွေထံက သိရပါတယ်။
ရွာသား ဦးမြင့်ဇော်ဦး(ခ)ငပေါက်တို့ လင်မယား စကားများရန်ဖြစ်နေတာကို အိမ်နီးချင်း ကိုမင်းမင်းဦးက ဝင်ရောက်ဖျန်ဖြေရာမှာ ဦးမြင့်ဇော်ဦးက ကိုမင်းမင်းဦးကို လက်သီးနဲ့ထိုးခဲ့တဲ့အတွက် ကိုမင်းမင်းဦးက အိမ်ကိုပြန် ဓားယူလာပြီးခုတ်ခဲ့လို့ ဦးမြင့်ဇော်ဦး သေဆုံးသွားတာလို့ ရွာသားတွေက ပြောပါတယ်။
ရွာခံ မအိလေးမှ "ကိုမင်းမင်းက အိမ်နီးချင်းလည်းဖြစ်တယ်၊ မဖြစ်သင့်တာ မဖြစ်ရအောင်သွားပြီး ဖျောင်းဖျတာ၊ အဲ့ဒါကို ဦးလေးငပေါက်က ထိုးလွှတ်တာ၊ ကိုမင်းမင်းလည်း စိတ်တိုပြီး အိမ်ပြန်ဓားယူပြီး ခုတ်လိုက်တာ။ သူ့လည်း ဖမ်းသွားပြီ။ ဦးလေးငပေါက်လည်း ဆုံးသွားပြီ”လို့ ပြောပါတယ်။
ဓားခုတ်ခံရမှုကြောင့် ဝမ်းဗိုက်နဲ့ ခြေထောက်နှစ်ဖက်စလုံး ထိုးသွင်းဒဏ်ရာတွေရရှိခဲ့ပြီး ဦးမြင့်ဇော်ဦး(ခ)ငပေါက် အသက်(၅၁)နှစ် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကိုမင်းမင်းဦး အသက် (၃၆)နှစ်ကို လူသတ်မှုနဲ့ ကြို့ပင်ကောက်မြို့ နယ်မြေခံရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဦးမြင့်ဇော်ဦးရဲ့ ရုပ်အလောင်းကို ကြို့ပင်ကောက်မြို့ဆေးရုံကြီး ရင်ခွဲရုံသို့ မြို့ခံနာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပါတယ်။
မတ်လ ၂ ရက်ကလည်း ကြို့ပင်ကောက်မြို့၊ ရွာမမြောက်ရပ်ကွက်၊ ဗောဓိ ၂ လမ်းမှာ အမျိုးသား ၃ ဦး ဓားခုတ်မှုဖြစ်ခဲ့ကာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
Photo- နာရေးကူညီမှုအသင်း ကြို့ပင်ကောက်မြို့