Home
ဆောင်းပါး
ပြေးနိုင်တောင် မလွတ်ဘူး မင်းအောင်လှိုင်
DVB
·
June 11, 2023

‘ငါ့တူကြီးရေ၊ နှစ်လုံး၊ သုံးလုံး လက်ခွဲဒိုင်ရုပ်နဲ့ ကတော်မ အခု မျက်စိမျက်နှာပျက်ပျက်နဲ့ ယတြာ ပတ် ချေနေပြီ’လို့ ဘကြီးရဲ့စတိုင်အတိုင်း စကားပလ္လင်မခံ ဖုန်းဝင်လာတာနဲ့ တန်းကိုလွှတ်တော့တယ်။ ဘကြီးက သူ သိထားတာရှိပြီဆို မနေနိုင်။ ပြီးတော့ ဘကြီးစိတ်ထဲ တစ်ခုခုကျေနပ်နေပြီဆို အခုလို ဆိုင်းမဆင့်ဗုံမပါ တန်းလွှတ်လေ့ရှိတာ ဘကြီးရဲ့စတိုင်။

ဘကြီးပြောတဲ့ နှစ်လုံး၊ သုံးလုံး လက်ခွဲဒိုင်ရုပ်နဲ့ ကတော်မ ဆိုတာကိုတော့ မကြာခဏ ဘကြီးရည်ညွှန်းနေကျမို့ မင်းအောင်လှိုင်မယားကို ပြောမှန်းသိလိုက်တယ်။ အင်မတန် လူကြီးလူကောင်းဆန်ဆန်ပြုမူ ပြောဆိုတတ်တဲ့ ဘကြီး ဒင်းတို့နဲ့ ပတ်သက်ရင် ဘယ်တော့မှ လူကြီးလူကောင်းမဆန်။ ရန်-ငါစည်း တိခနဲနေ အောင်ပြတ်ပြီးသား။ မင်းအောင်လှိုင်မယားရုပ်က ဘကြီးတို့မြို့က နှစ်လုံးလက်ခွဲဒိုင်ကိုင်ပြီး အရပ်တကာ လှည့်ရောင်းနေတဲ့ အမျိုးသမီးနဲ့ တရုပ်တည်းမို့ အဲဒီလို ပြောတာတဲ့။

‘ဒင်းလင်(မင်းအောင်လှိုင်)က တိုင်းပြည်ကို ဖျက်ဆီးပစ်ရုံတင်မကဘူး။ ပြည်သူကိုပါ သတ်ချင်တိုင်း သတ်နေတာ၊ ကိုယ်တွေလည်း ဒီလောက်တော့ နှိမ်ရမှာပဲ’တဲ့။

စစချင်းတုန်းက လက်ခွဲဒိုင်ရုပ်နဲ့ တူတယ်ဆိုတာကို မယုံဘူးပြောလိုက်လို့ ဘကြီးက သူ့လက်စွဲတော် ကျနော့်ညီဝမ်းကွဲကိုခေါ်၊ အဲလက်ခွဲဒိုင်အမျိုးသမီးရဲ့ ဖေ့စ်ဘွတ်ခ်ထဲက ဓာတ်ပုံတစ်ပုံလောက် မင်းအစ်ကိုဆီ ပို့စမ်းပါတဲ့။ ဓာတ်ပုံရောက်လာလို့ ကြည့်လိုက်တော့ တကယ်တူတာလို့ ဘကြီးက  သိလိုက်ရတာ။

အဲဒီကတော်မကို မင်းအောင်လှိုင်မယားမှန်း ကျနော်သိလိုက်ပေမဲ့ ကတော်မက ဘယ်နှယ့်ကြောင့် မျက်စိမျက်နှာပျက်ပျက်နဲ့ ယတြာလိုက်ချေနေတာလဲ ဆိုတာကိုတော့  နားမလည်လို့ ဘကြီးရယ်၊ သေချာလိပ်ပတ်လည်အောင် ရှင်းပြပါ ဦး လို့ဆိုရ။

‘ဟိုကောင်၊ဘကြီး သူငယ်ချင်းပြောပြလို့ သိတာ’တဲ့ ။ ကဲ၊ ထပ်ပြီး အရင်းမရှိ အဖျားမရှိ။

ဒါပေမဲ့၊ မင်းအောင်လှိုင်မယားအကြောင်းလည်းဖြစ်၊ ယတြာချေတာလည်း ဖြစ်နေတော့ ဘကြီးကို ပြောပြတဲ့ ဘကြီးသူငယ်ချင်းဆိုတာ ဒုဗိုလ်မှူးကြီး(ငြိမ်း)မှန်း ကျနော်အော်တို သိလိုက်တယ်။ ဘကြီးမှာက အထက်တန်းကျောင်းနေဖက်သူငယ်ချင်းထဲ စစ်သား ၃ ယောက်ရှိတယ်။ ၂ ယောက်က ဗိုလ်မှူးအငြိမ်းစား။  နောက်တစ်ယောက်က ဒုဗိုလ်မှူကြီး(ငြိမ်း)။

အဲဒီစစ်သား ၃ ယောက်စလုံးက ဟိုးငယ်ငယ် အရာရှိပေါက်စဘဝကတည်းက ရွာပြန်ရောက်ပြီဆို ဘကြီးအိမ်က စားအိမ်သောက်အိမ်။ ဘကြီးက တောသူဌေးမို့ သူ့ငယ်သူငယ်ချင်းတွေ ဘယ်သူ ရွာပြန်လာလာ၊ အကောင်းဆုံးဧည့်ခံလေ့ရှိသူ။ ဒုဗိုလ်မှူုးကြီး (ငြိမ်း)ဆိုသူက NLD ဦးတင်ဦးရဲ့ တပည့်တပန်း ဖြစ်ခဲ့ဖူးပြီး ဖြောင့်ဖြောင့်မှန်မှန်၊ နိုင်ငံရေးနဲ့ စစ်သားဘာမှမဆိုင်ဘူးလို့ ခံယူထားတဲ့သူ။ ပြီးတော့လာဘ်မစား လောဘမကြီး သူ့ဘဝ လူလတ်တန်းစားအဆင့်ကို ကျေကျေနပ်နပ်။ ပြီးတော့ အာဏာရူးတွေကို မုန်းလိုက်တာ လွန်ရော။ အဲဒါ ကြောင့် ဘကြီးနဲ့ကလည်း ဒီနေ့ထိတိုင် ဖုန်းမပြတ်ဆက်သွယ် သိပ်တည့်ကြတယ်။

ဗိုလ်မှူးတယောက်ကတော့ စောစောစီးစီးကွယ်လွန်သွားတယ်။ နောက်ဗိုလ်မှူးတယောက်ကတော့ သန်းရွှေလက်ထက်မှာ သိုက်တူးခွင့်ကြုံတာနဲ့ ကြီးပွားလာပြီး ဘယ်သူ့ကိုမှ လူမထင်ချင်သူ။ NLDအစိုးရလက်ထက်၊ တောပြန်လာခိုက် ဘကြီးအိမ်ဧည့်ခန်းထက် ဒေါ်အောင်ဆန်းစုကြည်ပုံမြင်ပြီး ‘မင်းက ထမီခြုံလား’လို့ ဆိုတာနဲ့ ပြဿနာတက်ကြ။ ဘကြီးက ‘သူခိုးတွေကို ကိုးကွယ်တာထက် ထမီခြုံရတာဂုဏ်ရှိတယ်’လို့ ပြန်အပက် မျက်ခွက်ကြီး ပျက်ကာ ငေါက်ခနဲ လှည့်ထွက်သွားတဲ့ ဗိုလ်မှူးနဲ့ အဲဒီမှာ ရာသက်ပန်ပြတ်စဲ။

ဘကြီးသူငယ်ချင်း ဒုဗိုလ်မှူးကြီးကတော့ စစ်တပ်ထဲနေတုန်းက တိုက်ရည်ခိုက်ရည်ကောင်းပြီး လက် အောက်ငယ်သားတွေအပေါ် သိပ်ကြည့်ရှုခဲ့သူမို့ ဒီနေ့ စစ်တပ်ထဲ အကောင်ဖြစ်နေတဲ့ သူ့တပည့်တွေက ကြည်ညိုဆဲ။ တပ်တွင်းအကောင်တွေရဲ့ သတင်း မမေးဘဲ ကြားနေရဆဲ။

အခုလည်း ပုဂံက ဗူးဘုရားမိုးကြိုးခ၊ မအူပင်က ရွှေဘုန်းမြင့်ဘုရား ငလျင်ကြောင်း ထီးတော်ကွေး ညွှတ်။ အွန်လိုင်းပေါ်မှာ အတိတ်တွေ နိမိတ်တွေဆိုပြီး လက်ခုပ်လက်ဝါးတီး ကြိုဆိုနေကြတဲ့အချိန် ဘကြီး သူငယ်ချင်းကလည်း မနေနိုင်လွန်းလို့ သူ့တပ်တွင်းသတင်း ဆစ်ကနယ်ကနေ လှမ်း တော့ခ်(TALK)။

“ငါ့တူကြီး၊ မင်းအောင်လှိုင်ဆိုတဲ့ကောင်က မနက်ဖြန် မိုခါမုန်တိုင်းဝင်မယ်ဆိုတာတောင် ဒီနေ့လို ကျိုင်းတုံမှာ သူ့အာဏာမြဲမလားဆိုပြီး ဟိုဘုန်းကြီး နှစ်ပါးနဲ့ ယတြာချေ ထီးသွားတင်ခဲ့တဲ့ကောင်။ အဲဒီလိုကြောက်ရူးရူးပြီး ကျပ်မပြည့်တဲ့ကောင်က အခုဆို တော်တော်ကြောက်နေမှာသေချာတယ်’တဲ့။

စစ်သားတွေရဲ့အလုပ်က အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်တာမို့ မမြင်ရတဲ့အရာတွေ၊ တန်ခိုးရှင်လို့ ထင်တဲ့ပုဂ္ဂိုလ်တွေ၊ ဟောကိန်းတွေ၊ ဗေဒင်တွေ၊ ယတြာတွေ၊ ဘုရားလိုလို တရားလိုလိုတွေကို ယုံကြည်ကြတာက အစဉ်အဆက်ဆိုသလို။ ရာထူးတက်ရအောင် ဘိုးတော်ကို ကပ်ရ။ နေရာကောင်းပြီး ဂွင်ကောင်းကောင်း ကြုံရအောင်လည်း ဘိုးတော်ဆီပဲ ပြေးကပ်ကြ။ တပ်ရင်းမှူးလောက်ကစပြီး ကိုယ့်ဘိုးတော်၊ ကိုယ့်ဘုန်းကြီးနဲ့ ကိုယ် ဆိုတာချည်း။ မယားတွေကလည်း အားနေယားနေရင် ဘယ်ဘိုးတော် ဘယ်လိုစွမ်းသလဲ မျက်စိဖွင့် နား စွင့်နေတာဟာ အလုပ်ကြီးအကိုင်ကြီး ပမာ။

သန်းရွှေတုန်းကလည်း သန်းရွှေအတွက် ဘယ်ဘုန်းကြီး၊ ဘယ်ဘိုးတော် ဘယ်လောက်စွမ်းသလဲ။ ဘိုးတော်ရှာ ကျွမ်းကျင်သူသီးသန့်ခန့်အပ်။ အခု ငမိုက်သားမင်းအောင်လှိုင်ကလည်း အဲဒီလို ကျွမ်းကျင်သူတွေခန့်ထားပြီး မြန်မာပြည်အနှံ့ ဘိုးတော်ရှာပုံတော် ဖွင့်ခိုင်းထားသတဲ့။ ဒါပေမဲ့၊ ဘယ်ဘိုးတော် ဘယ်ဘုန်းကြီး ဘယ်လောက်စွမ်းစွမ်း သဘာဝတရားကြီးကပါ မနေမိုးကြိုးကပစ်၊ ငလျင်ကလှုပ်လေပြီ။

‘ဗူးဘုရား မိုးကြိုးပစ်ခံရတော့ အဲဒါမျိုးတွေက ယုံကြည်တဲ့ သူတို့စစ်တပ်ထဲမှာ တော်တော်ဂယက်ရိုက်ကုန်တယ်။ ဘာလို့လဲဆိုတော့ သမိုင်းအဆိုအရ ဗူးဘုရားကို တည်ထားတာ ပျူစောထီးဘုရင်ဖြစ်နေတာကိုး။ အခုလည်း ရွာထဲဝင်လုပြီး မီးရှို့နေတဲ့ ပျူစောထီးတွေရဲ့ အရှင်သခင်က မင်းအောင်လှိုင်ဆိုတော့ တပ်ထဲမှာ တိုးတိုးတိတ်တိတ်တိတ် ပြောနေကြတာက မင်းအောင်လှိုင် လုပ်ကြံခံရမယ်။ ဒါမှမဟုတ် မင်းအောင်လှိုင် ရှုံးတော့မယ်ဆိုတဲ့ အတိတ်နမိတ်လို့ ပြောကြတယ်’လို့  ဘကြီးက သူ့သူငယ်ချင်းပြောပြသမျှ ပြန်ဖောက်သည်ချလေရဲ့။

ပြီးတော့ ပုဂံသားတချို့ အံ့ဩတကြီး ပြောနေကြတာက ဗူးဘုရားပတ်ပတ်လည် မိုးကြိုးလွှဲတွေ တပ် ထားပါလျက် မိုးကြိုးပစ်သွားတာတဲ့။

“ဘကြီးသူငယ်ချင်းရဲ့စကားနဲ့ပြောရရင် မိုးကြိုးလွှဲတပ်ထားတာတောင် မိုးကြိုးပစ်သွားတယ်ဆိုတာ သဘာဝတရားကြီးကတောင် မနေနိုင်လို့ အချက်ပြနေတာ။ ဟေ့ကောင် မင်းအောင်လှိုင် ကိုယ့်အကြောင်း ကိုယ်သိ မြန်မြန်မပြေးရင် မင်းဝဋ်လည်တော့မယ်လို့ ပြောပြလိုက်တာ” တဲ့။

နက္ခတ်ဗေဒလေ့လာနေသူတစ်ဦးကလည်း ကြာသာပတေးနံ ပုဂံရှိ ကြာသာပတေးနံ ဘုရားကို ကြာသာပတေး အခိုက် 'မိုးကြိုးခခြင်း' အတိတ်နိမိတ်မှာ ကြာသာပတေးနံ 'မင်း' နေရာကို  မတန်မရာ အတင်းလုယူထားတဲ့ ကြာသာပတေးနံ ငမိုက်သားဟာ ယနေ့မှ စ ၅ ရက် (သို့မဟုတ်) ၅ လအချိန်အတွင်း ပျက်စီးကြေပြုန်းခြင်းသို့ ရောက်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တာ အွန်လိုင်းပေါ် အားပေးလိုက်ကြတာမှ ဝက်ဝက်ကိုကွဲရော။ ဗူးဘုရား မိုးကြိုးခခြင်းက  ဇွန် ၆ ရက် ညနေပိုင်းအဖြစ်အပျက်။

ဟော၊ နောက်တစ်ရက် ဇွန် ၇ ရက် ညနေစောင်းပြန်တော့လည်း မအူပင်မှာ ငလျင်လှုပ်လို့ မအူပင်မြို့ ပေါ်က ရွှေဘုန်းမြင့်ဘုရား ထီးတော်ကွေးညွှတ်ကာစိန်ဖူးတော်မြေခ။ နှစ်ရက်ဆက်တိုက် သဘာဝတရားကြီးက သတိပေးလိုက်လေတော့ လက်ခွဲဒိုင်ရုပ်နဲ့ကတော်မ ကင်းကိုက်ခံလိုက်ရသလို ထိုင်မရထမရ ကတော်အပေါင်းတို့ ခေါင်းချင်းဆိုင်မျက်နှာပျက်ကြရ။ မိုက်ချင်ယောင် ဆောင်နေတဲ့ မင်းအောင်လှိုင်ခမျာလည်း ကြမ်းကြားထဲ ဟိုဟာညှပ်သလို ခုန်ဆွခုန်ဆွနဲ့။

ဘာပဲဖြစ်ဖြစ် ဒီလိုသတင်းတွေ ကြားရတော့ စိတ်ချမ်းသာမိတယ်အမှန်ပဲလို့ ဘကြီးက ဆိုတယ်။ တစ်တိုင်းပြည်လုံးလည်း ဒီသတင်းကြား ဘကြီးလို စိတ်ချမ်းသာကြတာပဲ။ တိုင်းပြည်အမြန်အေးချမ်းဖို့ ဒင်းတို့ မြန်မြန်သေမှ ဒင်းတို့မြန်မြန်ပြေးမှ။ ပြေးနိုင်တောင် လွတ်လမ်းရယ် ရှိဦးမလား။

နက္ခတ်ဆရာရဲ့ ဟောကိန်းအရ နောက် ၅ ရက်လား၊ နောက် ၅ လလား။ မြေပြင်မျက်မြင်မှာလည်း မင်း အောင်လှိုင်တပ်တွေ ပြုန်းပြီးရင်း ပြုန်းနေတာ ဘယ်သူငြင်းမလဲ။ ကဲ၊ဒီမိုကရေစီအောင်မြေကို ဘယ်တော့နင်းကြမလဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024