Home
မြန်မာသတင်း
မြိတ်တွင် သုံးဘီးဆိုင်ကယ်မောင်းသူ ပိုမိုများလာသဖြင့် ဝင်ငွေလျော့နည်းလာ
DVB
·
June 11, 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ခရီးသည်တင် သုံးဘီးဆိုင်ကယ်မောင်းသူတွေ ပိုမိုများလာတာကြောင့် အရင်ကထက်  ဝင်ငွေလျော့နည်းလာရတယ်လို့ ယာဉ်မောင်းတွေထံမှ သိရပါတယ်။

အခုလို သုံးဘီးဆိုင်ကယ် ပိုမိုများလာတာဟာ မော်တော်ဆိုင်ကယ်မှာ အမျိုးသားနှစ်ယောက် အတူတူ စီးနင်းခွင့်မရှိခြင်းကြောင့် အသုံးပြုမှုပိုမိုများလာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယာဉ်မောင်းတစ်ဦးက “သုံးဘီးဆိုင်ကယ်တွေက  အဓိကတော့ အိမ်သုံးဖို့ လိုသလိုမျိုး တနိုင်တပိုင် ဝင်ငွေရှာဖို့ဆိုပြီးတော့ ပိုက်ဆံတတ်နိုင်သူတွေက သုံးဘီးဆိုင်ကယ် ဝယ်စီးကြတယ်။ ပြီးတော့ ဆိုင်ကယ်တွေကလည်း ယောက်ျား နှစ်ယောက်တရားဝင် စီးလို့ မ‌ရတော့ မော်တော်ဆိုင်ကယ် ဆွဲသမားတွေကလည်း သုံးဘီးဆိုင်ကယ်ဝယ်ပြီးတော့ မောင်းကြတယ်။”လို့  ပြောပါတယ်။

အရင်က သုံးဘီးဆိုင်ကယ်မောင်းတာဟာ တစ်နေ့ဝင်ငွေ ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀  ဝန်းကျင်ရရှိခဲ့ပေမဲ့ လက်ရှိမှာတော့ တစ်နေ့ဝင်ငွေ ကျပ် ၂၀၀၀၀ ပြည့်အောင် မနည်းလုပ်နေရတယ်လို့ ဆိုပါတယ်။

သုံးဘီးဆိုင်ကယ်မောင်းသူ တဦးက “ မြိတ်မှာကလည်း ရေဖိုးမီးဖိုး၊ အိမ်ငှားခဖိုးတွေက ဈေးကြီးတယ်။ တလကိုအနည်းဆုံး ပိုက်ဆံ ၃ သိန်းလောက် အနည်းဆုံး လိုတယ်လေ။ သုံးဘီး တစ်ခုတည်းမောင်းပြီးရပ်တည်ဖို့ဆိုတာကလည်း ရပ်တည်ဖို့ပင်ပန်းတယ်။ သုံးဘီးဆိုင်ကယ်မောင်း တာ တစ်လအနည်းဆုံး ၃ သိန်းလောက် ရပေမဲ့၊ အိမ်ကမိန်းမဝင်ငွေတွေနဲ့ မိသားစု အသုံးစရိတ်ကိုလည်ပတ်နေရတယ်”လို့  ပြောပါတယ်။

မြိတ်မြို့မှာ မောင်းနှင်နေတာက တရုတ်နိုင်ငံထုတ်အမျိုးအစားနဲ့ အိန္ဒယနိုင်ငံထုတ် သုံးဘီး အမျိုးအစားများဖြစ်ကြပြီး သုံးဘီးဆိုင်ကယ်ကာလပေါက်ဈေးမှာ အမျိုးအစားပေါ်မူတည်ပြီး သိန်း ၁၂၀မှ သိန်း ၁၅၀ အထိရှိတယ်လို့ သုံးဘီးဆိုင်ကယ်အရောင်းဆိုင်တွေထံမှ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024