Home
မြန်မာသတင်း
ပြည်မြို့တွင် လူသတ်ပစ္စည်းလုယက်မှုဖြင့် အမျိုးသား ၁ ဦး  ဖမ်းဆီးခံရ
DVB
·
June 10, 2023

ပဲခူးတိုင်း၊ ပြည်မြို့၊ အောင်ဆန်းကွက်သစ်ရှိ နေအိမ်တအိမ်မှာ ဇွန် ၈ ရက် ညနေပိုင်းက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက် အသတ်ခံရပြီး ပစ္စည်းပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အမျိုးသား တယောက်ကို  ပြည်မြို့၊ အမှတ် ၃ ရဲစခန်းမှာ ဖမ်းမိထားပြီလို့ မြို့ခံတွေက ပြောပါတယ်။

ကျူးလွန်သူကို မြို့သစ် ၁၃ လမ်းရှိ အလုပ်လုပ်နေတဲ့ ကုန်စုံဆိုင်မှာ ဇွန်လ ၈ရက် ည‌နေ ၆နာရီခွဲမှာပဲ ဖမ်းမိတာဖြစ်ပြီး ပြည်မြို့ရဲစခန်းနဲ့ အမှတ် ၃ စခန်းတို့က ပူးပေါင်းဖမ်းဆီးတာလို့ သိရပါတယ်။

ပြည်မြို့လူမှုကယ်ဆယ်ရေးအသင်းတခုရဲ့ တာဝန်ခံက " တရားခံက မိပြီလို့ ကြားတယ်၊ အဲ့ဒီအိမ်ငှားပဲ၊ စကားများကြရင်း လူသတ်မှုဖြစ်တာ၊ ကလေးမလေးကိုတော့ သူတို့အမျိုးတွေက ကြည့်ပေးထားတယ် " လို့ ပြောပါတယ်။

ဖမ်းမိတဲ့ အမျိုးသားမှာ အသက် ၄၀ ကျော်အရွယ် မောင်မောင်ထွေး ဖြစ်ပြီး သေဆုံးသူ ဒေါ်စန်းစန်းဝင်းရဲ့နေအိမ်က အိမ်ငှားဖြစ်ပါတယ်။

မောင်မောင်ထွေးရဲ့ ပြောပြချက်အရ အဲ့ဒီ‌နေ့ မနက်ပိုင်းနဲ့ နေ့လယ်မှာ သေဆုံးသူ အမျိုးသမီးနဲ့ စကားများကြရာက စိတ်မထိန်းနိုင်ဘဲ နံရံကို တွန်းထုတ်ခဲ့ကာ ၂ ပေခွဲတုတ်နဲ့ ရိုက်နှက်တဲ့အပြင် ဝက်အူလှည့်မိုင်းနပ်ပြားနဲ့ နားထင်ကို ထိုးခဲ့ပြီး ရေချိုးခန်းထဲ ထည့်ထားခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူကို ပစ္စည်းပျောက်ဆုံးမှုကို ဆက်လက်စစ် ဆေးနေတယ်လို့ သိရပြီး ပြည်မြို့၊ အမှတ် ၃ ရဲစခန်းမှာ အမှတ်(ပ)၉၈/၂၀၂၃ ၊ ရာဇသတ်ကြီး ဥပဒေပုဒ် ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024