Home
မြန်မာသတင်း
ကျောက်ကြီး ထွေအုပ်ရုံးတွင် ဗုံးပေါက်ကွဲ၊ စိုက်ပျိုးရေးဦးစီးမှူး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
DVB
·
June 9, 2023

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဇွန် ၉ ရက် မနက် ၁၀ နာရီက အစည်းအဝေးပြုလုပ်နေစဉ် ဗုံးပေါက်ကွဲခဲ့ပြီး စိုက်ပျိုးရေးဦးစီးမှူး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် မီးသတ်ဦးစီးမှူး၊ ထွေအုပ်ဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးတို့ ဗုံးစထိမှန် ဒဏ်ရာတွေ ရရှိခဲ့လို့ ‌မြို့နယ်ဆေးရုံမှာ အရေးပေါ်ကုသနေရတယ်လို့ ဆိုပါတယ်။

ကျောက်ကြီးမြို့ခံတဦးက “အစည်းအဝေး လုပ်နေကြတာဗျ၊ အဖွဲ့စုံပေါ့။ ဘာအစည်းအဝေးလဲတော့ မသိရဘူး။ လူစုံတာနဲ့ ပေါက်ကွဲမှုဖြစ်တာ။ စိုက်ပျိုးရေးကလူတော့ အဲ့အခန်းထဲမှာပဲ သေတယ်။ မီးသတ်ကလူနဲ့ စစ်တပ်ကတယောက်လည်း ဒဏ်ရာများလို့ အသက်လုနေရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးနဲ့ ဒဏ်ရာရရှိခဲ့သူတွေကို ကျောက်ကြီးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်ကားတွေနဲ့ သယ်ဆောင်သွားပြီး ထွေအုပ်ရုံးပတ်ဝန်းကျင်နဲ့ တမြို့နယ်လုံးကို စစ်ဆေးတာတွေ တင်းကျပ်စွာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတဲ့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဒီဗွီဘီက ဆက်သွယ်စုံစမ်းရာမှာ သတင်းပြန်ကြားရေး တာဝန်ခံက သူတို့လည်း အဲ့ဒီသတင်း မရရှိသေးဘူးလို့ ဆိုပါတယ်။

အခုလ ၈ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်တို့က ရဲစခန်း ၅ ခုကို ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024