Home
မြန်မာသတင်း
မြန်မာရှေ့နေများကို စစ်အာဏာရှင်က ခြိမ်းခြောက်၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်နေ
DVB
·
June 8, 2023

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဝေဖန် ဆန္ဒပြသူတွေဘက်ကနေ ခုခံကာကွယ်ပေးနေတဲ့ မြန်မာနိုင်ငံက ရှေ့နေတွေဟာ စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှု၊ တရားစွဲဆိုမှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဖမ်းဆီးခံထားရတဲ့ ရှေ့နေတချို့လည်း နှိပ်စက်ညှဉ်းပန်းခံနေရတယ်လို့  နယူးယောက်ခ်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောလိုက်ပါတယ်။

ဇွန် ၈ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာမျက်နှာ ၄၃ မျက်နှာပါ “ ‘ကျွန်ုပ်တို့ အရေအတွက် လျော့နည်းနေပြီ’- မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့နေထုအား ဖြိုခွင်းခြင်း”လို့ အမည်ပေးထားတဲ့ အစီရင်ခံစာထဲမှာ ခုလိုဖော်ပြထားတာဖြစ်ပါတယ်။

စစ်အာဏာပိုင်တွေက ရှေ့နေတွေအပေါ် စနစ်တကျ အတားအဆီး၊ ကန့်သတ်ချက်တွေ ချမှတ်ကာ သူတို့ရဲ့ အလုပ်တွေကို အဟန့်အတား ဖြစ်စေတဲ့အပြင် နိုင်ငံရေးအရ ထိလွယ်ရှလွယ် အမှုတွေကို အမြန်ခြေရာခံဖို့ မျှတတဲ့ တရားစီရင်ပိုင်ခွင့်ကို ချိုးဖောက်တဲ့ အကျဉ်းထောင်တွင်း တရားရုံးတွေကိုလည်း ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

HRW ရဲ့ မြန်မာသုတေသီတယောက်ဖြစ်တဲ့ မန်နီမောင်က “ဖမ်းဆီးခံထားရသူတွေအတွက် ရှေ့နေလိုက်ပေးတဲ့အလှည့်တိုင်း မြန်မာရှေ့နေတွေဟာ လုပ်ငန်းကို အဟန့်အတားဖြစ်စေတဲ့ စနစ်တကျဖန်တီးထားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတယ်။ စစ်တပ်အာဏာပိုင်တွေအနေနဲ့ ဥပဒေမဲ့ဖမ်းဆီးခံထားရသူတွေကို ချက်ချင်းလွှတ်ပေးပြီး ရှေ့နေတွေကို နှောင့်ယှက်နေတာ ရပ်တန်းကရပ်သင့်ပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ဝေဖန်သူတွေအပါအဝင် ထောင်ပေါင်း များစွာသော ပြည်သူတွေ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးတော့ နိုင်ငံတကာက ကျင့်သုံးတဲ့ မျှတတဲ့ တရားစီရင်မှုစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အကျဉ်းချုပ် ရုံးတင်စစ်ဆေးမှုတွေနဲ့ အတူ အကြမ်းဖက်လှုံ့ဆော်ပုဒ်မတွေတပ်ပြီး အများအပြား တရားစွဲဆိုခံနေကြရတာပါ။

HRWအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ အထူးတရားရုံးစနစ်အတွင်း လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက် ဥပဒေ အကြံပေး ၇ ယောက်နဲ့ ရှေ့နေ ၁၉ ယောက်တို့ကို တွေ့ဆုံမေးမြန်းခဲ့ပြီး ရှေ့နေ ၁၉ ယောက်စလုံးက စစ်အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ စောင့်ကြည့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရ တယ်လို့ ပြောပါတယ်။

တချို့သော အခြေအနေတွေမှာတော့ မြန်မာစစ်အာဏာပိုင်တွေက ဆူပူသောင်းကျန်းမှု၊ လှုံ့ဆော်မှု၊ ဒါမှမဟုတ် အကြမ်းဖက်ပုဒ်မတပ် စွဲချက်တင်ထားတဲ့ တက်ကြွလှုပ်ရှား သူတွေကို ကိုယ်စားပြုမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ရှေ့နေတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပုံပေါ်တယ်လို့ HRW က ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရှေ့နေတွေဟာ လူမဆန်စွာ ဆက်ဆံခံရတာတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေလည်း ရှိနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောခဲ့ကာ ပြီးခဲ့တဲ့ နှစ် ဇွန်လတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအမှုလိုက်ရှေ့နေတယောက်ဖြစ်တဲ့ မန္တလေးတိုင်က တရားရုံးချုပ်ရှေ့နေ ဦးတင်ဝင်းအောင်ဟာ တရားရုံးကြားနာမှုမရှိဘဲ ဖမ်းဆီးခံရချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရိုက်နှက်မှုကြောင့် လက်မောင်းနဲ့ ခြေထောက် ကျိုးသွားပြီးတော့ ဝမ်းဗိုက်ထဲကိုလည်း အစာပြွန်ထည့်ထားရတယ်လို့ သူ့ရဲ့ အခြေအနေကို သိသူအများအပြားက ပြောပါတယ်။

ဒါ့အပြင် သိပ်မကြာခင်ကမှ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရှေ့နေတယောက်ကတော့ သူ့ကို ရဲတွေက မျက်လုံးကို အဝတ်နဲ့စည်း၊ ပုံစံထိုင်ထိုင်ခိုင်းခဲ့ပြီး စစ်ကြောရေးမှာ အစားအစာနဲ့ရေတောင်မပေးဘဲ ဖြတ်တောက်ခံခဲ့ရတယ်လို့ HRW ကို ပြောပြခဲ့ပါတယ်။

အထူးတရားရုံးတွေမှာတော့ ရှေ့နေတွေနဲ့ တရားစွဲဆိုခံရသူအမှုသည်တွေဟာ တရားရုံးကြားနာခြင်းတွေမတိုင်ခင် သီးသန့်ပြောဆိုဆွေးနွေးဖို့ တားမြစ်ခံရတဲ့အပြင် တခြား စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်ကြရပြီး စစ်ကောင်စီအရာရှိတွေက ရှေ့နေတွေရဲ့ လုပ်ငန်းတာဝန်လုပ်ဆောင်တာတွေကို မကြာခဏ ပိတ်ပင်တားမြစ်တဲ့အပြင် သတ်မှတ်ထားတဲ့ တရားရုံးလုပ်ထုံးလုပ်နည်းနဲ့ တရားမျှတတဲ့ စစ်ဆေးမှုရရှိရေးကိုလည်း ပယ်ချလေ့ရှိတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ် ၄၇ ခုမှာ အရပ်သားတရားခံတွေနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို စစ်ခုံရုံးတွေကတဆင့် စီရင်ဆုံးဖြတ်ကာ ပုံမှန်အားဖြင့် စစ်ခုံရုံးတွေက အကျဉ်းထောင်တွေအတွင်း စီရင်ချက်ချလေ့ရှိတယ်လို့ ဆိုပါတယ်။

သံသယရှိသူတွေကတော့ ရှေ့နေငှားခွင့်မရ၊ အမှုစစ်ဆေး တာတွေမှာလည်း အကျဉ်းချုံးသာဖြစ်ပြီး ချမှတ်ခံရတဲ့ ပြစ်ဒဏ်တွေ ကွဲပြားခြားနားမှုမရှိတဲ့အပြင် တခါတရံ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတကာအစိုးရတွေ၊ ဒေသခံအဖွဲ့အစည်းတွေအနေနဲ့ အလွဲသုံးစားလုပ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်တပ်အဖွဲ့ဝင်တွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ အပါအဝင် စစ်ကောင်စီကို အရေးယူမှု အများအပြား လုပ်ဆောင်သင့်တယ်လို့လည်း HRWက အကြံပြုပါတယ် ။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကြိုးပမ်းရာမှာ အစိုးရအားလုံးအနေနဲ့ ရှေ့နေတွေ ရင်ဆိုင်နေရတဲ့ ထိပါးနှောင့်ယှက်ခံရမှုနဲ့ အကျဉ်းချခံရမှုတွေကို လူအများ သိရှိလာအောင် မြှင့်တင်လုပ်ဆောင်သင့်ပြီး စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတာကြောင့် နှစ်ပေါင်းများစွာ အကျဉ်းကျခံထားရသူတွေအပေါ် ရှေ့နေတွေရဲ့ ကာကွယ်ပေးနိုင်စွမ်း မြင့်မားလာအောင် လုပ်ဆောင်သင့်တယ်လို့လည်း ဆိုပါတယ်။

“တရားမျှတတဲ့စစ်ဆေးမှုရရှိရေး အခြေခံအခွင့်အရေးကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့နဲ့ သိက္ခာချဖို့ စစ်ကောင်စီအာဏာပိုင်တွေက လုပ်ကြံစည်းမျဉ်းတွေ ချမှတ်နေတယ်။ သက်ဆိုင်ရာအစိုးရတွေအနေနဲ့ ကျန်ရှိတဲ့ရှေ့နေတွေဟာ အဲဒီအခွင့်အရေးတွေကို သတ္တိရှိရှိ ကာကွယ်ဖို့ ကြိုးစားနေတယ်ဆိုတာ လူသိရှင်ကြား ဖြစ်အောင် မြန်မြန်ဆန်ဆန် ဆောင်ရွက်သင့်တယ်။” လို့ မြန်မာသုတေသီ မန်နီမောင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ မှတ်တမ်းတွေအရ လတ် တလောအချိန်ထိ ဖမ်းဆီးခံထားရတဲ့ ရှေ့နေ အနည်းဆုံး ၃၂ ယောက်ရှိနေပြီးတော့ သူတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေအတွက် သက်သေအထောက်အထား အနည်းငယ်သာရှိပြီး တရားရုံးကြားနာမှုမရှိသေးဘဲ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024