Home
မြန်မာသတင်း
‌ညောင်တုန်းမြို့အနီး အင်အား ၄ ဒသမ ၈ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်
DVB
·
June 7, 2023

ရန်ကုန်၊ ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာကနေ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ ရှိ မြေငလျင် ဇွန် ၇ ရက် ညနေ ၄ နာရီ ၂၃ မိနစ် ၅၁ စက္ကန့်လောက်မှာ လှုပ်ခတ်ခဲ့တယ်လို့ မြန်မာ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ငလျင်လှိုင်းဟာ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၉၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၆၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ သိရပြီး ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီ၊ ပဲခူး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ရှိ ဒေသတွေအထိ ငလျင်လှိုင်း သက်ရောက်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ညနေ ၄ နာရီ ၂၄ မိနစ်လောက်က ငလျင်လှုပ်ခတ်မှု ခံစားရပြီး စက္ကန့် ၅၀ ကျော်အထိ လှုပ်ခတ်ခဲ့တာကြောင့် အထပ်မြင့်တိုက်ပေါ်က လူတွေ အောက်ဆင်းနေရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကင်းမြို့ခံတဦးက “အပေါ်ထပ်မှာနေတဲ့သူတွေကတော့ သိသာတယ်၊ တအားကြီးတော့ ဆိုးရွားတာမျိုး မဟုတ်ဘူး။ ရန်ကင်း၊ တောင်ဥက္ကလာ၊ သာကေတ၊ တာမွေ မြို့နယ်တော်တော်များများ ပါတယ်။ တချို့ဆိုရင်တော့ မသိလိုက်ကြဘူး” လို့ ‌ပြောပါတယ်။

ဧရာဝတီတိုင်းက မအူပင်မြို့နယ်၊ ဘိုကလေးမြို့နယ်နဲ့ ရွှေလောင်းမြို့နယ်တို့မှာ သိသိသာသာ ခံစားခဲ့ရပြီး ညောင်တုန်းမြို့နဲ့ နီးစပ်တဲ့ တွံတေး၊ လှိုင်သာယာနဲ့ ဒလမြို့နယ်တို့မှာ ငလျင်လှုပ်ခတ်ချိန် ၁ မိနစ်ခန့်အထိ ကြာတယ်လို့ သိရပါတယ်။

စစ်ကိုင်းပြတ်ရွေ့နဲ့ မြေထုချပ်တိုးဝင်မှုကြောင့် မြန်မာနိုင်ငံတဝန်း အချိန်မရွေး မြေငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလ‌ဗေဒဌာန ဒုညွှန်မှူး ဒေါက်တာယဉ်မျိုးထွန်းက အသိပေးထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက် ညနေပိုင်းကလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့အနီးမှာ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတချို့ ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024