ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်နဲ့ ၁၇ မိုင်ဝေးတဲ့ ဆိပ်ကြီးကျေးရွာက ငါးကန်လုပ်ငန်းရှင်တဦး နေအိမ်ကို ဇွန် ၆ ရက် ည ၈ နာရီမှာ သေနတ်ကိုင်ဆောင်ထားသူငါးဦးက ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီက ဆိပ်ကြီးကျေးရွာမှာနေထိုင်တဲ့ ငါးကန်လုပ်ရှင် ဦးထွန်းအောင်ကျော်နဲ့ ဇနီးဖြစ်သူ အိမ်မှာရှိနေစဥ် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူငါးဦးက ဓားပြတိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သေနတ်တွေနဲ့ ဝင်လာပြီး လင်မယားနှစ်ယောက်လုံးကို ကြမ်းပြင်ပေါ်မှောက်ခိုင်းထားပြီး ရွှေနဲ့ ပိုက်ဆံတွေ ယူသွားတယ်။ သေနတ်ဖောက်သံတွေတော့ကြားတယ်။ လူတွေကို ပစ်သွားတာမရှိဘူး။”
ဆိပ်ကြီးကျေးရွာနေ ဦးထွန်းအောင်ကျော်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၃ ကျပ်သားနဲ့ ငွေ ကျပ်သိန်း ၃၀ ကျပ် ယူဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။
အခုနှစ် ဇန်နဝါရီ ၂၆ ရက် မနက် ၆ နာရီကလည်း လာကပုံကျေးရွာက အကျဥ်းဦးစီးဌာန ဝန်ထမ်းဟောင်းနေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ကျပ်သားနဲ့ ငွေကျပ် သိန်း ၆၀ လုယက်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“တွံတေးမှာ ဓားပြတိုက်ခံရတာ ငါးကြိမ် ခြောက်ကြိမ်လောက်ရှိမယ်။ မိကလပ်ကျေးရွာ ဓားပြတိုက်ခံရတာလည်း မမိသေးဘူး။”
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း တွံတေးမြို့နယ် မိကလပ်ကျေးရွာ အပါအဝင် ကျေးရွာတချို့မှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ဓားပြတိုက်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။