ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းဆွတ်ရွာလမ်းမမှာ ဇွန် ၇ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က ဟိုက်ဂျက်ကားနဲ့ ကန်တာကား တိုက်မိပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လွိုင်ကော်မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ဆောင်းငန်းရွာဘက်ကနေ မောင်းလာတဲ့ လူ ၄ ဦးပါ ဟိုက်ဂျက်ကားက ၁၂ ပေ ကန်တာယာဉ်နဲ့ လမ်းချော်တိုက်မိတာပါ။
လွိုင်ကော်မြို့ခံ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “အဲ့နားလေးက တောင်ကျရေတွေ ကျထားပြီးတော့ လမ်းပေါ်မှာ ရွံ့ဗွက်တွေကြောင့် လမ်းချော်နေတာ။ ကား ၂ စီးက အရှိန်မထိန်းနိုင်ဘဲ တိုက်မိတာ။ ဟိုက်ဂျက်ပေါ်ကလူတွေ ထိသွားတယ်။ သေတဲ့သူက ဟိုက်ဂျက်ဒရိုင်ဘာ၊ ဟိုက်ဂျက်က ဆောင်ငန်းဘက်က လာတာ၊ ကန်တာပေါ်က တယောက်က ဘာမှမဖြစ်သွားဘူး” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်မောင်း အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
အသက် ၆၅ နှစ်အရွယ် အမျိုးသမီးမှာ နှုတ်ခမ်းကွဲ ရင်ဘတ်အောင့် ဒဏ်ရာ၊ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးမှာ ဘယ်မျက်ရိုးနဲ့ ခါးထိခိုက်ဒဏ်ရာ၊ အသက် ၂၇ နှစ်အရွယ် အမျိုးသားမှာ ဘယ်ချိုစောင်းပေါက်ပြဲဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို အရပ်ဘက်ကယ်ဆယ်ရေးယာဥ်နဲ့ လွိုင်ကော်မြို့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး ၁၂ ပေကန်တာယာဉ်ပေါ်ကလူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။