Home
မြန်မာသတင်း
ဗန်းမော်ဆရာတော်ကြီး၏ ဈာပနသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့
DVB
·
June 7, 2023

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်မှာ ဇွန် ၆ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသရဲ့ အန္တိမ ဈာပန အခမ်းအနားကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အဲဒီသဝဏ်လွှာကို ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ရဟန်းအမတ် ကာဒီနယ်ချာလ်းစ်ဘိုက ဈာပနမှာ တက်ရောက်ဖတ်ကြားပေးခဲ့တာပါ။

သဝဏ်လွှာမှာ ဆရာတော်ကြီး လွန်တော်မူကြောင်း ကြားသိရတဲ့အတွက် မြန်မာနိုင်ငံနဲ့ နိုင်ငံအရပ်ရပ်မှာ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင် ညီအစ်ကိုမောင်နှမများ အားလုံးထံသို့ အထူးဝမ်းနည်းကြောင်းနဲ့ ဆရာတော်ကြီးရဲ့ အောက်မေ့ဖွယ်ရာများနဲ့ ဝိညာဏ အမွေတော်တို့ဟာ နေရာအရပ်ရပ်မှာရှိတဲ့ စိတ်စေတနာကောင်းရှိသူ လူပုဂ္ဂိုလ်အပေါင်းတို့အတွက် ခွန်အားအရင်းအမြစ်တရပ်ဖြစ်မည်ကို ယုံကြည်ပြီး  ဝမ်းနည်းပူဆွေးနေသူ အပေါင်းတို့ရဲ့အပေါ်သို့ ဘုရားရှင်၏ ကောင်းချီးမင်္ဂလာ ရောက်ပါစေကြောင်း ဆုတောင်းပေးထားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ တမန်တော်ခရီးစဉ်မှာ  နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ အနေနဲ့ ဗန်းမော်ဆရာတော်ကြီးထံက ရရှိခဲ့တဲ့ နွေးထွေးပျူငှာတဲ့ကြိုဆိုမှု၊ ရက်ရောတဲ့ ဝန်ဆောင်မှု၊ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကဏ္ဍ မြှင့်တင်ခြင်းနဲ့ ကက်သလစ်သာသနာတော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး မြှင့်တင်ခြင်းတို့အတွက် ဆရာတော်ကြီးကို ကျေးဇူးတင်ရှိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

ဆရာတော်ကြီးရဲ့ဈာပနမှာ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် သံဃာကောင်စီဥက္ကဋ္ဌ ဆရာတော်၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နီပေါနိုင်ငံ၊ ဂျပန်နိုင်ငံတို့က ဘာသာရေးအဖွဲ့အစည်းတွေအပြင် ပြည်တွင်းရှိ ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေထံမှ သဝဏ်လွှာ ၁၆ စောင်ကို လက်ခံရရှိခဲ့ပါတယ်။

ဗန်းမော်ဆရာတော်ကြီးဟာ မေ ၂၅ ရက်က သက်တော် ၉၄ နှစ်အရွယ်မှာ ဗန်းမော်ကျောင်းတိုက်မှာ ပျံလွန်တော်မူခဲ့ပြီး အန္တိမအဂ္ဂိဈာပန မီးသင်္ဂြိုဟ်ပူဇော်ပွဲကို မန္တလေးမြို့ ချမ်းမြသာစည်လေဆိပ်ဟောင်းမှာ ဇွန် ၆ ရက်က ကျင်းပခဲ့ပါတယ်။

ဗန်းမော်ဆရာတော်ကြီးဟာ စာပေပညာဆိုင်ရာ ဘွဲ့တွေအပြင် အစိုးရအဆက်ဆက်ချီးမြှင့်တဲ့ သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တွေ ရရှိထားပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် ပျံလွန်တော်မူချိန်အထိ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024