စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်မှာ ဇွန် ၇ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၈ လုံး မီးလောင်ကာ မီးသတ်သမား တယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁၁ နာရီခွဲမှာ မီးငြိမ်းခဲ့ပါတယ်။ ဆီသိုလှောင်တဲ့ အိမ်တအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ် ၁၈ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
မီးငြှိမ်းသတ်ရင်း ကွေ့ကြီးအရန်မီးသတ် လူမှုကူညီရေးအဖွဲ့က မီးသတ်သမားတဦး မီးသတ်ရင်း အိမ်သာတွင်းထဲပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့လို့ မုံရွာပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။
ကွေ့ကြီးအရန်မီးသတ် တာဝန်ရှိသူက “မီးလောင်ခံရတဲ့ အိမ်ပိုင်ရှင်တွေက ပစ္စည်းတွေ ပြန်ရှာဖွေနေတုန်းပါပဲ၊ ရွှေထည်ပစ္စည်းတွေတော့ ပြန်ရပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကို အဆင့် ၁ အဖြစ် သတ်မှတ်ခဲ့ပြီး ကာလတန်ဖိုး ကျပ် ၆,၆၉၂,၀၀၀ ဖိုး ဆုံးရှုံးခဲ့ပါတယ်။