Home
မြန်မာသတင်း
ရန်ကုန်တိုင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးမှန်မှန်အသုံးပြုလိုပါက တယူနစ် ၄၀၀ မှ ၅၀၀ ကျပ်အထိ ပေးရမည်
DVB
·
June 7, 2023

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေ မီးပုံမှန်သုံးစွဲလိုပါက တယူနစ် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ပေးဆောင်ရမယ်လို့ စက်ရုံအလုပ်ရုံတွေဆီက သိရပါတယ်။

စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေအနေနဲ့ မီတာခ တယူနစ်ကို ၄၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ပေးပြီး မီးပုံမှန်သုံးစွဲဖို့ သဘောတူကြောင်း စစ်ကောင်စီကို ပြန်လည်တင်ပြရမယ်လို့ လှိုင်သာယာမှ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လတ်တလော ညှိနှိုင်းနေကြတုန်းရှိသေးတယ်။ မင်္ဂလာဒုံစက်မှုဇုန်ဘက်မှာတော့ အဲဒီအစီအစဥ် စနေပြီပြောတယ်။ မေးကြတော့ မရေရာ မသေချာနဲ့၊ ဘယ်လိုပေးမှာလဲ၊ စက်မှုဇုန် အကုန်လုံးလား၊ ဒါမှမဟုတ် ဇုန်အလိုက် ခွဲပေးမှာလား မသိရသေးဘူး။ တင်ပြတဲ့အဆင့်ပဲ ရှိသေးတယ်။”

စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီက စက်ရုံ၊ အလုပ်ရုံတွေဆီကို ပေးပို့တဲ့ အကြောင်းကြားစာပါ အချက်အလက်တွေအရ မီးမှန်မှန်ရဖို့အတွက် လျှပ်စစ်တယူနစ်ကို ငွေကျပ် ၄ဝဝ မှ ၅ဝဝ အထိ ပေးဆောင်ရမယ်လို့ သိရပါတယ်။

အဆိုပါအစီအစဥ်ကို စစ်ကောင်စီရဲ့လမ်းညွှန်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး လတ်တလောမှာ စက်ရုံ၊ အလုပ်ရုံတွေဆီက အချက်အလက်တွေ စုဆောင်းတဲ့အဆင့်သာ ရှိသေးတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“စက်ရုံတွေဘက်က လက်ခံတယ်၊ လက်မခံဘူးဆိုတာ သိရမှ အစီအစဥ်က စလို့ရမှာ။ အခု သဘောထားတောင်းခံတဲ့အဆင့်ပဲ ရှိသေးတယ်။ စက်ရုံလုပ်ငန်းရှင်တွေဘက်က တိကျတဲ့ အဖြေမရသေးဘူး။”

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေကို EPC က လေးနာရီခြား မီးပေးစနစ်နဲ့ မီးပေးပြီး မီးပျက်ပါက မီးစက်နဲ့သာ အသုံးပြုရတဲ့အတွက် အခက်အခဲရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ စက်မှုဇုန်တွေရှိ စက်ရုံ၊ အလုပ်ရုံတွေဟာ သုံးစွဲတဲ့ပမာဏအလိုက် တယူနစ်ကို ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ မီတာခ ပေးဆောင်ရတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024