Home
မြန်မာသတင်း
ကရင်နီပြည်တွင် စစ်ကောင်စီရှေ့တန်းစခန်း ၁၀ ခုထိ သိမ်းပိုက်ခံရ၊ လွိုင်ကော်တွင်သာ စစ် ကောင်စီ အုပ်ချုပ်ရေးယန္တရားကျန်ရှိ
DVB
·
June 6, 2023

ပြီးခဲ့တဲ့ တော်လှန်ရေး ၂ နှစ်တာအတွင်း ကရင်နီပြည်မှာ တိုက်ပွဲအကြိမ်ရေ ၁၀၀၀ ကျော်ထိဖြစ်ပွားခဲ့ကာ စစ်ကောင်စီရှေ့တန်းစခန်း ၁၀ ခုထိ သိမ်းပိုက်နိုင်ခဲ့ တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကိုတော့ စစ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ မေ ၃၁ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ၂ နှစ်တာ ကာလ အတွင်းမှာ စစ်ဗျူဟာ ၆ ဗျူဟာနဲ့ တပ်ရင်း ၂၂ ရင်း အခိုင်အမာဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်နီပြည်တဝန်း မြို့နယ်အသီးသီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာ တပ်ဖြန့် လှုပ်ရှားနေကာ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကရင်နီပြည်တဝန်းတိုက်ပွဲတွေမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက် ၂,၀၆၅ ကျော်ကို သုတ်သင်နိုင်ခဲ့တဲ့အပြင် ၄၁ ယောက်ကိုလည်း အရှင်ဖမ်း ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်အတွင်း နယ်မြေခံတပ်ရင်းတွေအပြင် တပ်မ (၆၆)၊ တပ်မ (၉၉)၊ စကခ (၂)၊ စကခ(၇) နဲ့ တပ်မ (၁၀၁) စတဲ့ တပ်မ (၅) ခုနဲ့ ထိုး စစ်ဆင်ခဲ့ ကြတာဖြစ်ပြီး စကခ(၇)၊ စကခ(၂)နဲ့ တပ်မ​(၆၆) တို့ကို ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းကယားနယ်စပ်တို့မှာ တပ်ဖြန့်ထားတဲ့အပြင် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေမှာလည်း နယ်မြေခံတပ်ရင်းနဲ့ တပ်မ(၆၆)တို့ကို လှုပ်ရှားတပ်ဖြန့်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီးမောဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ ဘောလခဲနဲ့ ဖရူဆိုမြို့နယ်တို့မှာတော့ နယ်မြေခံတပ်ရင်းတွေအပြင် တပ်မ (၉၉)၊ စကခ (၂) နဲ့ တပ်မ(၁၀၁)တပ်ရင်းတွေ စစ်ကြောင်း ထိုးလှုပ်ရှားနေတာပါ။ အဆိုပါ တပ်မ ၅ ခုထဲမှာ တပ်မ (၆၆) က တပ်ရင်းတွေကတော့ ဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်သေဆုံးမှု များပြားခဲ့တာကြောင့် အားဖြည့်ဖို့အတွက် တပ်မ (၉၉ )၊ တပ်မ (၁၀၁) နဲ့ စကခ ( ၂) တို့ကို ကရင်နီပြည်အတွင်း အားဖြည့် ထိုးစစ်ဆင်ခဲ့တယ်လို့လည်း KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားဟာ လွိုင်ကော်မြို့တမြို့တည်းမှာသာကျန်ရှိပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့တွေမှာ လူသူကင်းမဲ့ကာ စစ်ကောင်စီတပ်ရင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေသာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်မြို့နယ်တွေကတော့ စစ်ကောင်စီတပ်တွေ ရှိနေပေမဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ စီမံအုပ်ချုပ်မှုအောက်မှာ ရှိနေတယ်လို့ သိရပါတယ်။

တော်လှန်ရေး ၂ နှစ်တာကာလအတွင်းမှာတော့ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲအကြိမ်ရေ ၃၄၀ နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့နယ်မှာ ၁၆၂ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၁၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်မှာ အကြိမ် ၁၇၀၊ ပင်လောင်းမြို့နယ်မှာ ၄၉ ကြိမ်၊  ဘောလခဲမြို့နယ်မှာ ၆၇ ကြိမ်၊ ရှားတောမြို့နယ်မှာ ၂၂ ကြိမ်၊ ဖားဆောင်းမြို့နယ်မှာ ၂ ကြိမ်နဲ့ မယ်စဲ့မြို့နယ်တို့မှာ ၄ ကြိမ်စီ အသီးသီး ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတို့အပြင် တရားမဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅၂ ယောက် သေဆုံး ခဲ့ရပြီး ၁၆၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြကာ လူနေအိမ် ၄၂၂ လုံးကျော်ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အဦး​ ၁၂ လုံး၊ စာသင်ကျောင်း ၆ လုံး၊ ဆေးခန်း ၁၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF တော်လှန်ရေး ရဲဘော် ၁၅၃ ယောက် ကျဆုံးခဲ့ရကာ သူတို့ကို ကရင်နီအမျိုးသား အာဇာနည်တွေအဖြစ် အသိအမှတ်ပြု သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်းနဲ့ ကျဆုံးအာဇာနည်ရဲဘော်တွေအားလုံးကို တိုင်တည်ပြီး တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024