ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ၅၅၅ ကုန်စုံဆိုင်နဲ့ လူနေ ၂ ထပ်အဆောက်အအုံမှာ ဇွန် ၄ ရက် မနက်အစောပိုင်းက မီးလောင်ပြီး အမျိုးသား တယောက် သေဆုံးသွားတယ်လို့ ကြံခင်းမြို့နယ်မီးသတ်ဌာနက ပြောပါတယ်။
မီးလောင်မှုဟာ မနက် ၃ နာရီ ၄၅ မိနစ်ခန့်က စတင်ခဲ့တာလို့ သိရပြီး မီးသတ်ဌာနကို မနက် ၄ နာရီ လောက်မှာ ရပ်ကွက်နေသူတွေက ဖုန်းဆက်သွယ်ခဲ့တာပါ။
ကြံခင်းမြို့နယ်မီးသတ်ဦးစီးမှူးက " ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက ဦးတိုက်စိန် ၅၅၅ ကုန်စုံဆိုင်မှာပါ၊ သူတို့ထဲက လူတဦးက သေသွားပါတယ်၊ ရုပ်အလောင်းကို ကြံခင်းဆေးရုံကို နာကူယာဉ်က ပို့ပေးထားပါတယ် " လို့ ပြောပါတယ်။
ကြံခင်းမြို့နယ်မီးသတ်၊ မြန်အောင်၊ ဘက်ရဲမီးသတ်တပ်ဖွဲ့တို့က မီးသတ်ရေသယ်ယာဉ် ၆ စီး၊ အရပ်ဖက် ကယ်ဆယ်ရေးအသင်းက ရေသယ်ယာဉ် ၁ စီးနဲ့ ငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုကြောင့် ပေ( ၅၀×၃၀ ) လူနေကုန်စုံဆိုင် ၂ ထပ်အဆောက်အအုံ တခုလုံးနဲ့ ဆိုင်သုံး ကုန်ခြောက်ပစ္စည်းတွေ မီးလောင်ပျက်စီးသွားပြီး အိမ်အတွင်း အိပ်စက်နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသား တဦး မီးလောင်သေဆုံးသွားပါတယ်။
ဆိုင်အတွင်း တပ်ဆင်အသုံးပြုထားတဲ့ မီးအားမြှင့်စက်အပူလွန်ကဲရာ ကုန်ခြောက်ပစ္စည်းတွေကို မီးစွဲလောင်သွားခဲ့တာလို့ သိရပြီး မီးလောင်မှုကို မနက် ၄ နာရီခွဲမှာ မီးထိန်းနိုင်ကာ နံနက် ၄ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ရုပ်အလောင်းကို ကြံခင်းမြို့နယ်ဆေးရုံကို မြတ်ဓမ္မနာကူယာဉ်နဲ့ ပို့ဆောင်ခဲ့ပြီး အိမ်ရှင်အမျိုးသားကို ပုဒ်မ ၂၈၅၊ ၃၀၄(က) ပ-၂၅/၂၀၂၃ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။