Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိ
DVB
·
June 2, 2023

မြန်မာနိုင်ငံတဝန်း  စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေ ဇွန် ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပေမဲ့ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာတော့  မဖွင့်လှစ်နိုင်သေးဘူးလို့ ဗန်းမောက်မြို့ခံတွေက ပြောပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အဖြစ် ဇွန် ၁ ရက်မှာ စတင်ပြီး အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ခဲ့ပေမယ့် ဗန်းမောက်မြို့နယ်အတွင်း ကျောင်းအပ်လက်ခံတာ မရှိခဲ့သလို ကျောင်း ဖွင့်လှစ် စာသင်ကြားတာ မရှိဘူးလို့ သိရပါတယ်။

ဗန်းမောက်မြို့ ကျောင်းသား မိဘ တဦးက "ဗန်းမောက်မှာ ကလေးတွေ ကျောင်းလည်း အပ်လို့ မရဘူး။  ဇွန် ၁ ရက်မှာလည်း ကျောင်းမဖွင့်ဘူး။ ငွေကြေး အဆင်ပြေတဲ့ သူတွေကတော့ တခြား မြို့နယ်တွေမှာ ကျောင်းသွားထားတာတွေ ရှိတယ် "လို့ ပြောပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း မေ ၂၆ ရက်မှာ ကျောင်းအပ်လက်ခံပြီး ဇွန် ၁ ရက်မှာ ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ဗန်းမောက်မြို့နယ်မှာတော့ အခြေခံပညာ ကျောင်းတွေ ဖွင့်လှစ် နိုင်ခြင်း မရှိတာဟာ နယ်မြေငြိမ်းချမ်းမှုမရှိတာကြောင့် လို့လည်းသိရပါတယ်။

ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ ဒေသခံ တဦးက  "မေ ၂၆ ရက်မှာ ကျောင်းအပ် လက်ခံရမှာ။ ဒီမှာတော့ ကျောင်းအပ်လက်ခံတာ မရှိသေးဘူး။ နယ်မြေငြိမ်းချမ်းမှု မရှိတဲ့အတွက် ကျောင်းဆရာ၊ ဆရာမတွေလည်း ကျောင်းမလာကြဘူး။ မြို့နယ်ထဲက ကျောင်းအားလုံးနီးပါး မဖွင့်လှစ်နိုင်ဘူး"လို့ ပြောပါတယ်။

၂၀၂၃-၂၀၂၄ပညာသင်နှစ်မှာ ဒေသတွင်းက အခြေခံပညာကျောင်းတွေ မဖွင့်လှစ်နိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဗန်းမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေကာ နယ်မြေတည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024