တိုက်ပွဲတွေနဲ့ နေအိမ်တွေမီးရှို့ခံရလို့ ရွာပျက်သွားတဲ့ ကသာခရိုင်ထဲက စစ်ရှောင်မိသားစုတွေ စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ကို လာရောက် ခိုလှုံနေထိုင်တာများပြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။။
ကသာဒေသခံ တဦးက "မိုးတားကြီးတကြောနဲ့ အရှေ့ဖက်ကမ်းရွာတွေက ကလေးတွေတင်မက ဒီနှစ်မှာတော့ နေစရာမရှိတော့တဲ့ စစ်ကိုင်းတိုင်းထဲက မိသားစုတွေ၊ ကျောင်းနေအရွယ် ကလေးတွေ မြို့ပေါ်တက်လာတာ ပိုများလာတယ်" လို့ ပြောပါတယ်။
ဗန်းမောက်၊ ပင်လည်ဘူး၊ နမ့်ခမ်း၊ ဝန်းသို၊ ကောလင်းလိုခရိုင်ထဲက မိုးတားကြီး၊ မိုးတာလေးနဲ့ ထင်းကားလို ရေရိုးတကြောက ရွာတွေ နယ်မြေမအေးချမ်းတာကြောင့် မြို့ပေါ်တက်လာတာ ဖြစ်သလို တိုက်ပွဲတွေဖြစ်ကတည်းက တချို့ကျောင်းသားတွေဟာ ကသာမှာ အဆောင်ငှားနေပြီး ကျောင်းတက်နေခဲ့တာလို့ သိရပါတယ်။
ဒေသခံ တဦးက “အိမ်ငှားခတွေ စျေးတက်လာတယ်။ တယောက် လေးသောင်းခွဲကနေ လုံးချင်းအိမ် ရေမီးစုံမှာဆို တသိန်းခွဲထိ ဖြစ်လာတယ်။ မြို့ထဲမှာတော့ အိမ်လုံးချင်းငှားပြီး သုံးသိန်းခွဲလောက်နဲ့ ကျောင်းသားတွေ စုနေတာမျိုးရှိတယ်။ ကလေးတွေရဲ့အနာဂတ်ကြောင့်ကိုယ်တိုင် မသင်ပေး နိုင်တော့ ပြန်ထားရတာပဲ”လို့ ပြောပါတယ်။
Non CDM သားသမီး အတန်းတူတွေက အတန်းကြီးကုန်တော့ ကလေးတွေက ကျောင်းမတက်ရရင် စိတ်မကောင်း ဖြစ်လာပြီး PDF ထဲ ဝင်မယ်တကဲကဲလုပ်လာတာကြောင့် မိဘတွေ ဝေခွဲရခက်တဲ့အနေအထားကြုံရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒေသခံ တဦးက "ကြားထဲမှာအစစ အရာရာ သတိထားရတယ်။ မူလတန်းစတက်တဲ့ကလေးတွေ မူလတန်းကလေးတွေ တော်တော်များပါတယ်။"လို့ ပြောပါတယ်။
မေလကတည်းက ရှိပြီးသား ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းသားတွေ အပ်နှံမှု များလို့ ဆက်ပြီး လက်မခံနိုင်တဲ့အ နေအထားရောက်ရတာမျိုး ရှိတယ်လို့လည်း နီးစပ်သူတွေက တဆင့်သိရပါတယ်။
ကသာမြို့မှာ အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး အထက်ရေရိုးတလျှောက်နဲ့ ရပ်ကွက် ၉ ရပ်ကွက် ၅ ရပ်ကွက် ၁၀ က ကျောင်းသားတွေက အ. ထ. က ၂ မှာ တက်ရောက်ရမှာဖြစ်ပြီး အောက်ရေရိုးတစ်လျှောက် သံလမ်းရိုးမြို့ရွာတွေက အပြောင်းအရွေ့နဲ့ ကျန်ရပ်ကွက်က ကျောင်းသူ၊ ကျောင်းသားတွေက အ.ထ.က ၁ နဲ့ ၃ မှာ တက်ရမယ်လို့ သိရပါတယ်။
ကသာခရိုင်ဟာ PDF နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား ကုန်းကြောင်း ရေကြောင်းအမြဲ ထိတွေ့မှု ရှိနေတဲ့ ခရိုင် တခုဖြစ်ပြီး ကသာမြို့နားမှာလည်း ထိတွေ့မှုရှိနေတာပါ။