စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးသွား ကားလမ်းဘေး မိုင်တိုင်အမှတ် ၂၈ နေရာကို ဒီနေ့ မေ ၃၁ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ ၂၈ မိုင်မှာ ကားလမ်းဘေး ဈေးရောင်းနေတဲ့ တောတဲတွေနဲ့ ယာစောင့်တောတဲတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “လာပစ်တာက မုံရွာ နမခ ကနေ ရိုးရိုးစစ်အရောင် ဂျက်လေယာဥ်အမျိုးအစားနဲ့ လာပစ်တာ။ ပစ်တာက စက်လက်နက်တွေရော၊ ဗုံးတွေရော ချတာ။ လေယာဉ်တက်လာပြီဆိုတဲ့အသံကြားတာနဲ့ ဒီဘက်ကလူတွေက နေအိမ်တွေထဲကနေ ဘေးလွတ်ရာကို ပုန်းနေရတာ အကျင့်လို ဖြစ်နေကြတယ်ဆိုတော့ လူအထိအခိုက်တော့ မရှိဘူး။ ဈေးဆိုင်နဲ့ တဲတွေတော့ ပျက်စီးမယ်ထင်တယ်။ အတိအကျ ဘာလို့မပြောနိုင်သေးတာလဲဆိုတော့ နောက်တခေါက် လာပစ်ဦးမယ်လို့ သတင်းတွေ ထွက်နေတော့ အတိအကျ မပြောနိုင်သေးတာ” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ၂၈ မိုင်ကို ပစ်ခတ်ပြီး ယာကြီးကျေးရွာဘက် ဆက်လက်ပျံသန်းသွားကာ ယာကြီးရွာပေါ်ကနေ လေးငါးပတ် ပတ်ပျံသန်းပြီး အလယ်ကျွန်းပျူရွာကနေ မုံရွာနမခဆီ ပြန်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကနီမြို့နယ် ၂၈ မိုင်နဲ့ အနီးဆုံးကျေးရွာဖြစ်တဲ့ ကပိုင်ကျေးရွာကို အခုလို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့မရဲစခန်းကို မေ ၃၀ ရက် ည ၉ နာရီမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၄၀ မမ၊ ၆၀ မမတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်း အဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က “စစ်အာဏာရှင်လက်အောက်ခံ မှန်သမျှ ကျနော်တို့ တော်လှန်ရမှာ ကျနော်တို့တာဝန်ပဲ။ အခုလည်း ကျနော်တို့ ၄၀ မမ၊ ၆၀ မမ အလုံး ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ကျနော်တို့ပစ်ခတ်တဲ့ လက်နက်ကြီးတွေ သူတို့စခန်းအတွင်း ကျရောက်ပေါက်ကွဲတယ်ဗျ”လို့ပြောပါတယ်။
တနာရီကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိမရှိ မသိရပေမဲ့ PDF တွေဘက်ကတော့ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အခုပစ်ခတ်မှုကို ဆားလင်းကြီး ဓားမဆိုင်းတပ်မတော် (D.M.S.A) ယင်းမာပင်ခရိုင် တပ်ရင်း-၂၈၊ တပ်ခွဲ-၂ က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။