မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၃ သိန်းကျော် ကျောင်းအပ်ပြီးပြီလို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မူလတန်းအဆင့်မှာ ကျောင်းသား၊ ကျောင်းသူ ၁၈၀၀၀၀ ကျော်၊ အလယ်တန်းအဆင့်မှာ ၁ သိန်းကျော်၊ အထက်တန်းအဆင့်မှာ ၃၈၀၀၀ ကျော် ကျောင်းအပ်ထားတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးရဲ့စာရင်းတွေအရ သိရပါတယ်။
အဲ့ဒီအရေအတွက်ဟာ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေအပြင် ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ ကျောင်းအပ်ထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတဦးကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် အခြေခံပညာကျောင်းပေါင်း ၂၀၀၀ ကျော်လောက်ပျက်စီးခဲ့ပေမဲ့ ကျောင်းအပ်နှံမှုကို တော့ ရပ်တန့်မထားပဲ ကျောင်းအပ်လက်ခံပေးခဲ့တာပါ။
ကျောင်းသားကျောင်းသူတွေ ကျောင်းတက်ဖို့အတွက်တော့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ယာယီစာသင်ကျောင်းတွေမှာ စီစဉ်ပေးမယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ရာမှာ ရခိုင်ပြည်နယ်က ကျောင်းတက်မှုနှုန်းအများဆုံးဒေသ ဖြစ်သလို တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမှုလည်း အများဆုံးဖြစ်ခဲ့ပါတယ်။