မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ပညာရေးမှူးရုံးနဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ပျူစောထီးတပ်ဖွဲ့တွေ ထိုင်လေ့ရှိတဲ့ “အဝေရာ” လက်ဖက်ရည်ဆိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မေ ၂၉ ရက် မနက် ၁၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Unicorn Guerrilla Forece-ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က နှစ်ဖွဲ့ခွဲပြီး မတ္တရာမြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံ ပညာရေးမှူးရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအရှေ့က အဝေရာ လက်ဖက်ရည်ဆိုင်ကို လက်ပစ်ဗုံး ပစ်ထည့်လိုက်တာလို့ Unicorn Guerrilla Forece-ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ကောင်စီပညာရေးမှူးရုံးက စစ်ကျွန်ပညာရေးကို အသက်သွင်းဖို့ လုပ်နေတာဖြစ်လို့ မြို့ပေါ်က ကျောင်းသားတွေ မိဘတွေ လာရောက်မှုမရှိတဲ့အချိန်ကို ရွေးပြီး ဗုံးခွဲခဲ့တာပါ။ နယ်ဘက်မှာတော့ ကျောင်းတွေ လုံးဝမအပ်ကြပါဘူး။ ထွေအုပ်ရုံးရှေ့က အဝေရာ လက်ဖက်ရည်ဆိုင်ကလည်း မတ္တရာမှာရှိတဲ့ စစ်တပ်တွေကို ပကဖတွေရဲ့ သတင်းပေးနေတဲ့ အကြီးစားဒလန်တဦး ဖွင့်ထားတာပါ။ အဲ့ဆိုင်မှာ ပြည်သူစစ်စစ်တွေ ထိုင်လေ့မရှိဘူးဆိုတာ စုံစမ်းသိရှိရပြီးမှ တိုက်ခိုက်ခဲ့တာပါ။ တယောက် သေဆုံးတယ်ဆိုပေမဲ့ အတည်မပြုနိုင်သေးလို့ပါ။ ပြည်သူကို အနှောင့်ယှက်ပေးနေတဲ့ စစ်ကောက်စီဒေါက်တိုင် မှန်သမျှကို ကျနော်တို့က ခွင့်လွှတ်မှာမဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့လည်း စစ်အစိုးရရုံးတွေ၊ ရဲစခန်းတွေ၊ တပ်စွဲတဲ့ နေရာတွေ၊ ဂိတ်တွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်သမျှ ဝေးဝေးနေပေးကြပါ။”
အဆိုပါ လက်ပစ်ဗုံးပစ်ထည့် တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ပြီး မြို့ပြစစ်ဆင်ရေးတွေ တောက်လျှောက်ဖော်ဆောင်သွားဖို့ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မပတ်သက်ဖို့ မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ယာဥ်ထိန်းရဲတပ်ကြပ်ကြီးတဦးကို ဆင်ပယ်ကျေးရွာမှာ ပစ်ခတ်ပြီး သေဆုံးခဲ့ပါသေးတယ်။