ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နာဇီရွာသွားလမ်း စက်ရုံစုရပ်ကွက်လမ်းမှာ မေ ၃၀ ရက် ဒီနေ့မနက် ၉ နာရီကျော်က အိမ်စီးကားတိုက်မိပြီး ၃ နှစ်အရွယ် ကလေးငယ်တဦးပွဲချင်းပြီး သေဆုံးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
စက်ရုံရပ်ကွက်နေ ဒေသခံတဦးက “ကလေးအမေက အလုပ်သွားလုပ်နေတာ။ အဘွားဖြစ်သူနဲ့ အပ်ထားခဲ့တာ။ အိမ်မှာလူမရှိတော့ အဘွားဖြစ်သူက ရေသွားခပ်ရင်လည်း ကလေးကို ခေါ်သွားတယ်။ အဲ့ဒီမှာ ကားတိုက်ခံရတာ။ ပွဲချင်းပြီး သေဆုံးသွားတယ်။ အလွန်မှဝမ်းနည်းရပါတယ်” လို့ ပြောပါတယ်။
သေဆုံးတဲ့ ကလေးငယ်ဟာ စက်ရုံစုရပ်ကွက်မှာ နေထိုင်တဲ့ မနွေနွေရဲ့ သားဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်ဖြိုးငြိမ်းဝေယံ ဖြစ်ပါတယ်။
ကားနဲ့တိုက်သူကတော့ မေ ၂၁ ရက်က သူ့ရဲ့ စီးကရက်မျိုးစုံ သိုလှောင်ထားတဲ့ ဂိုဒေါင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ရေလာခပ်ရင် ကလေးကိုခေါ်မလာဖို့ ကျနော်တို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်။ မနေ့ကလည်း ဒီကလေး အဘွားနဲ့လိုက်ပါလာလို့ လဲကျပြီး ခေါင်းကွဲထားတာ။ ဒီနေ့မှာ ကားတိုက်ခံရတာ။ တိုက်တဲ့လူကလည်း မီးလောင်ထားတဲ့ စီးကရက် ဂိုဒေါင်ပိုင်ရှင်၊ တပူပေါ်နှစ်ပူဆင့်တာပေါ့။ စိတ်မကောင်းစရာတွေပါ။”
လက်ရှိမှာ ကားနဲ့တိုက်သူကို ရဲကသွားရောက်ဖမ်းဆီးထားပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း ယာဥ်မတော်ဆမှုကြောင့် ပြည်သူ ၁၂၁ ဦး သေဆုံးပြီး ၂၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။