Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်ကလေးငယ်များ ကျောင်းတက်ပညာသင်ရန် အခက်အခဲကြုံ
DVB
·
May 30, 2023

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းတွေမှာရောက်ရှိနေတဲ့ ကလေးငယ်တွေဟာ စစ်ရှောင်စခန်းအတွင်းမှာ ကျောင်းစာသင်ခန်းမရှိတာ၊ ကျောင်းဆရာ/ ဆရာမ မရှိတာတွေကြောင့် ပညာသင်ကြားဖို့ အခက်အခဲများစွာ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မေလ ၂၃ ရက်ကစလို့ ကျောင်းအပ်နှံလို့ရပြီဖြစ်ပေမဲ့ ဆီဆိုင်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်း တော်တော်များများကတော့ မေလ ၂၉ ရက်အထိ ကျောင်းမအပ်ရသေးပါဘူး။

စစ်ရှောင်စခန်းတွေကို အကူအညီပေးနေသူ ဦးကျော်ဆွေက “ကျောင်းနေနိုင်တဲ့လူက နည်းမယ်ထင်တယ်၊ တချို့လည်း အရွယ်တင်ကုန်တာ၊ ကလေး ၁၀၀မှာ အယောက် ၃၀‌ လောက်ပဲ ကျောင်းနေနိုင်တာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့်ပေါ့ ကျောင်းပြောင်းလက်မပါတာ၊ မိဘ တွေက ကျောင်းစရိတ် မတက်နိုင်တာလည်းပါတယ်၊ တချို့ကျတော့လည်း သူတို့ရောက်နေတဲ့နေရာမှာ လက်ခံဖို့ကို ကျောင်းကနေရာမရှိဘူး၊ လူလက်မခံဘူး အဲ့လိုမျိုးဆိုတော့ ကလေးတော်တော်များများက ကျောင်းမနေရဘူး” လို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ အောင်ကာလစစ်ရှောင်စခန်းဟာ နှစ်နှစ်ရှိပြီဖြစ်ပေမဲ့ ကျောင်းစာသင်ခန်းနဲ့ ကျောင်းဆရာ/ဆရာမ မရှိတဲ့အပြင် အခြေခံမူလတန်းကျောင်းရှိတဲ့ကျေးရွာတွေနဲ့လည်း ဝေးကွာတဲ့အတွက် စစ်ရှောင်ကလေးတွေ ကျောင်းနေဖို့ အခက်အခဲတွေရှိတယ်လို့စစ်ရှောင်စခန်းကို ကူညီပေးသူ မခမ်းကီးက ပြောပါတယ်။

စစ်ရှောင်စခန်းက ကျောင်းသားမိခင်ဒေါ်ကလားရာက “အခုကကျောင်းထားပေးဖို့ကအဲ့တာတော့ စားဝတ်နေရေးလည်းအဆင်မပြေဘူး။ ပြီးတော့မှ ကျန်းမာရေးလည်း အဆင်မပြေဘူးလေ၊ ပညာရေးလည်းလိုပေမဲ့ မတတ်နိုင်ဘူးလေ စားဝတ်နေရေး အဆင်မပြေတဲ့အခါကျတော့ ပညာရေးလည်း အခက်အခဲ ဖြစ်သွားတယ်” လို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း ၃၂ ခုရှိပြီး ကျောင်းနေအရွယ်ကလေးငယ်ပေါင်း ၂၀၀၀ကျော် ရှိနေပါတယ်။ 

ကရင်နီ(ကယား)ပြည်နယ်မှာ ၂၀၂၁ခု နှစ်စစ်အာဏာသိမ်းချိန်ကစပြီး ပြည်သူ နှစ်သိန်းကျော်ဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေကို စစ်ဘေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024