Home
ဆောင်းပါး
မြန်မာပြည်သူ ဘယ်လောက်သေသေ နိုင်ငံတကာ အေးဆေး
DVB
·
May 27, 2023

မိုခါမုန်တိုင်းကပဲ အလုံးအရင်းနဲ့ ဖုံးသွားလို့လား။ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ပြည်သူအရေအတွက် နည်းလို့ပဲလား၊ နိုင်ငံတကာအသိုင်းအဝိုင်းက ကြေညာချက်တွေ ထုတ်ပြန်ကန့်ကွက်ရတာ မောလွန်းလို့ သတ်ချင်သလိုသာ သတ်တော့ဆိုပြီး အကြမ်းဖက် စစ်အုပ်စုရဲ့ သွေးရဲရဲသံရဲရဲ လက်ရဲဇက်ရဲနိုင်မှုကို လက်လျှော့လိုက်တာလားတော့ မပြောတတ်။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာရွာသား ၁၉ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်မီးရှို့ခဲ့မှုဟာ ခပ်တိမ်တိမ် ဖြစ်သွားခဲ့တယ်။ အသတ်ခံရတဲ့အထဲ ၁၀ နှစ်နဲ့အောက် ကလေး ၄ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ပါတယ်။ ရန်ငြိုးရန်စမရှိ၊ ပြန်လည်ခုခံနိုင်စွမ်းလည်း မရှိတဲ့ အပြစ်မဲ့ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု။

ဒါပေမဲ့ မတ်လ ၁ ရက် စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာက အရပ်သားပြည်သူ ၁၇ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်မှုနဲ့ မတ်လ ၁၁ ရက်နေ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းထဲ ပုန်းနေတဲ့ အရပ်သားပြည်သူနဲ့ ဘုန်းကြီး ၃ ပါး၊ စုစုပေါင်း ၂၁ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့မှုလောက် နိုင်ငံတကာအသိုင်းအဝိုင်းကြား လှုပ်လှုပ်ခတ်ခတ်မရှိ။

မအောင်မြင်တဲ့ အာဏာသိမ်းမှုစတင်ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း အနည်းဆုံး ၁၄၂ ကြိမ် ရှိခဲ့တယ်လို့ စစ်တမ်းတခုက ဆိုရဲ့။

အစုလိုက် အပြုံလိုက် သတ်တာဖြတ်တာတွေက မကြာခဏ ကြားရလွန်းလို့ တော်ရုံနဲ့ ဆေးမတိုးတော့တာလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲပစ်ခတ်လို့ အရပ်သားပြည်သူ ၁၆၈ ဦးအထိ သေဆုံးခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက တော်ရုံအသတ်ခံရတဲ့ အရေအတွက်လောက်ကို အရေးမလုပ်တော့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေက နိုင်ငံတကာက အရေးလုပ်တော့ရော ဘာများ ထူးခြားလာမှာလို့လဲဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ မေးခွန်းထုတ်နေတာ ကြာလှပါပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာပြည်သူတွေရဲ့ မေးခွန်းကို အခုအချိန်ထိ ယုတ္တိရှိရှိ ဖြေဆိုနိုင်စွမ်း မရှိသေးတာကြောင့် တည့်တည့်မေးတာကို တည့်တည့်မဖြေဘဲ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ကိုင်မြှောက်ပြနေဆဲပါပဲ။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာ့အရေး တုံ့ပြန်ပုံက ကြီးမားတဲ့ပြဿနာမျိုးတွေ ဖြစ်လာတိုင်းမှာ တွန်းတွန်းတိုက်တိုက် ကြေညာချက် ထုတ်ပြန်ခြင်းပါပဲ။ ဥပမာ နီးနီးနားနား ပဇီကြီးရွာ လူသတ်ပွဲကြီးကိုပဲကြည့်။ ပဇီကြီးရွာ ဒေသခံတွေကို အကြမ်းဖက်တပ်က လေယာဉ်နဲ့ ဗုံးကြဲချပြီး ထွက်ပြေးတဲ့သူတွေကို စက်သေနတ်နဲ့ လိုက်ပစ်တဲ့သတင်းဟာ ဧပြီ ၁၁ ရက် နေ့ခင်းပိုင်းမှာ နိုင်ငံတကာအနှံ့ ပျံ့နှံ့သွားခဲ့ကာ ညနေမစောင်းခင်မှာပဲ ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက်တွေ အောတိုက် ထွက်ချလာပါတော့တယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက စာသင်နေတဲ့ ကလေးတွေကို ရဟတ်ယာဉ်နဲ့ ဗုံးကြဲပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ အဲဒီတုန်းကလည်း နိုင်ငံတကာက ပို့လွှတ်လိုက်တဲ့ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တွေ တဝီဝီ။ ကြေညာချက်ထုတ် ကန့်ကွက်တော့ ဘာဖြစ်သလဲဆိုတော့ လက်ယက်ကုန်းထက်ပိုဆိုးတဲ့ လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှု ထပ်ဖြစ်လာခဲ့တယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့၊ ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ ကေအိုင်အိုတည်ထောင်ခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲဆီ တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချ။ စုစုပေါင်းသေဆုံးသူ ၇၅ ဦး။ အဲဒီတုန်းကလည်း ကြေညာချက်တွေ တဝေါဝေါနဲ့ ကန့်ကွက်ရှုတ်ချ။ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေက အာချောင်လှတဲ့ နိုင်ငံတကာကို မှတ်လောက်သားလောက်ဖြစ်အောင် ပိုလုပ်ပြမယ်ဆိုပြီး ပဇီကြီးရွာ လူသတ်ပွဲနဲ့ ပိုရက်စက်ပြလိုက်တာများလား။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစလို့ ၂၀၂၃ ခုနှစ် ဧပြီအထိ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၁,၄၂၇ ကြိမ် ပြုလုပ်ခဲ့ပြီး လူ ၆၃၄ ဦး သေဆုံးခဲ့တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစလို့ ရက်ပေါင်း ၈၅၀ (၂ နှစ်နဲ့ ၄ လ) အတွင်း ၃ ရက်မှာ ၁ ရက်နှုန်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တယ်။ နှစ်အလိုက် လေကြောင်းတိုက်ခိုက်မှုကို ကြည့်ပါက ၂၀၂၁ ခုနှစ်မှာ ၁၅၃ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ အကြိမ် ၈၂၀ နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ ဧပြီအထိ ၄၅၄ ကြိမ်ရှိခဲ့တယ်။ လက်ရှိ အကြမ်းဖက်စစ်အုပ်စု လေတပ်ဟာ လေယာဉ် ၂၉၂ စီး ပိုင်ဆိုင်ထားပြီး ၂၃၄ စီး (စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၈၀) ဟာ အသုံးပြုဖို့ အသင့်အနေအထား ရှိတယ်လို့ The World Directory of Modern Aircraft (WDMMA) က ဆိုပါတယ်။

အထက်ပါကိန်းဂဏန်းတွေအရ အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် လေကြောင်းတိုက်ခိုက်မှုထက် ၂၀၂၂ ခုနှစ်မှာ ၅ ဆကျော် တိုးမြှင့်တိုက်ခိုက်ခဲ့တာ တွေ့ရသလို ၂၀၂၃ ခုနှစ် ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေဟာ ၂၀၂၂ ခုနှစ် တနှစ်လုံး တိုက်ခိုက်မှု အကြိမ်ရေရဲ့ တဝက်ကျော် ရောက်ရှိနေပြီဆိုတာ တွေ့ရပါမယ်။ ဆိုလိုတာက အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုကို မဟာဗျူဟာမြောက် ပြုလုပ်နေခြင်းပါပဲ။

ဘာ့ကြောင့် လေကြောင်းတိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်နေပါသလဲ။ အကြမ်းဖက်စစ်အုပ်စု အနေနဲ့ အထိအခိုက် အသေအပျောက် ကင်းစွာနဲ့ လူများများကို မြန်မြန်သတ်ဖြတ်နိုင်ခြင်းနဲ့ မြေပြင်တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်က ထိခိုက်မှုများနေခြင်းကြောင့် ဖြစ်ပြီး တော်လှန်ရေးအင်အားစုအနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်နိုင်စွမ်း မရှိခြင်းနဲ့လည်း သက်ဆိုင်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု နောက်ထပ်အားသာချက်ကြီးတခုက လေကြောင်းကနေ တိုက်ခိုက်ရာမှာ အရပ်သားနဲ့ တော်လှန်ရေးအင်အားစု ခွဲခြားစရာမလို၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေကို ရှောင်ရှားစရာမလိုခြင်းဟာ ထိရောက်မှု အားကောင်းအောင် တွန်းအားပေးနေပါတယ်။

စစ်အုပ်စုဘက်က အရပ်သားတွေကိုပါ ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ကြိုးစားကြပါတယ်။ ပထမဆုံးတုံ့ပြန်မှုက လေယာဉ်ပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂရင်ပြင်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခြင်းပါပဲ။ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေးဟာ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။ မြန်မာ့အိမ်နီးချင်းအဖြစ် အရေးပါတဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ဒီနေ့ထိတိုင် မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီရေး တိုက်ပွဲနဲ့ အမှန်တရားကို လျစ်လျူရှုနေရုံတင်မက စစ်အုပ်စုရဲ့ အကြမ်းဖက်မှု မှန်သမျှကို မမြင်ချင်ယောင်ဆောင်ကာ စစ်အုပ်စုနဲ့ ဖန်ခွက်ချင်းတိုက်နေတာကြောင့် ကျနော်တို့ရဲ့ စိတ်ကူးယဉ်မှုဟာ စောစောစီးစီး လန့်နိုးခဲ့ရပါတယ်။

အဲဒီနောက် ဖြစ်နိုင်ခြေရှိတဲ့ စစ်အုပ်စုကို လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းဖို့ တောင်းဆိုကြပြန်ပါတယ်။ အနောက်အုပ်စုရဲ့ မြန်မာ့အရေး အဓိကလက်နက်ဖြစ်တဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ စစ်အုပ်စုရဲ့ အဓိကဝင်ငွေဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ လေယာဉ်ဆီရောင်းချတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ကြပေမဲ့ ဒီနေ့ထိတိုင် စစ်အုပ်စု အနေအစား မပျက်သေးတာ တွေ့ရပါတယ်။

ဘာ့ကြောင့် အနေအစား မပျက်သေးတာလဲဆိုတော့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေဟာ စစ်အုပ်စုရဲ့လည်မျိုကို ထိထိမိမိ မညှစ်နိုင်သေးလို့ပါပဲ။ ကျွမ်းကျင်သူတချို့က အနောက်အုပ်စုဟာ စစ်အုပ်စုလည်မျိုကို မညှစ်နိုင်သေးတာမဟုတ်ဘဲ မညှစ်သေးတာလို့ ဆိုပါတယ်။ ပြောရရင် အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုဆိုတာ ဝတ်ကျေတန်းကျေ ဟန်ရေးပြ လုပ်ဆောင်နေခြင်းလို့ ဆိုရင် မမှားနိုင်ပါဘူး။ မြန်မာ့အရေးဟာ အနောက်အုပ်စုရဲ့ အကျိုးစီးပွားကို ထိခိုက်မှုမရှိလေတော့ မြန်မာ့ဒီမိုကရေစီအရေးဟာ အနောက်အုပ်စုအတွက် ဟန်ရေးပြလုပ်ဆောင်ချက်ထက် မပိုတာများလားလို့ မေးခွန်းထုတ်စရာပါပဲ။

စစ်အုပ်စုကို လေယာဉ်ဆီမရောင်းဖို့ဆိုတဲ့ ကိစ္စနဲ့ လေကြောင်းရန် ကြိုတင်ကာကွယ်ရေး စနစ်တွေရှိဖို့ လိုအပ်နေပြီဆိုတာ ပဇီကြီးလူသတ်ပွဲအပြီးမှာ ဆူဆူညံညံ ကြားခဲ့ရပေမဲ့ အခုအခါမှာတော့ ပျောက်ချင်းမလှ ပျောက်နေပြန်ပါပြီ။ အကြမ်းဖက်စစ်အုပ်စုကတော့ ပဇီကြီး လူသတ်ပွဲ နောက်ပိုင်းမှာလည်း ပိုလို့တောင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလားလို့ ထင်မှတ်မိပါတယ်။ ပြောရရင် ဒီနေ့ထိတိုင် အကြမ်းဖက်စစ်လေယာဉ်တွေ ထင်တိုင်း ဗုံးကြဲတိုက်ခိုက်နေတာ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေ လုံလောက်မှုလုံးဝမရှိကြောင်း သက်သေခံနေပါတယ်။

ဒါပေမဲ့ ကိန်းကြီးခန်းကြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာကို နင်းကန်စွတ်အော်နေတဲ့ ကျနော်တို့ရဲ့ မဟာမိတ်နိုင်ငံကြီးတွေက မြန်မာ့အရေးကို လက်ခုပ်တီးပေးရုံထက် နည်းနည်းပိုတာကလွဲ ဟက်ဟက်ပက်ပက် ကူညီထောက်ပံ့မယ် ဆိုတာမျိုး မရှိသေးပါဘူး။

ဥပမာ မေ ၁၉ ကနေ ၂၁ ရက်နေ့အထိ ဂျပန်မှာကျင်းပခဲ့တဲ့ G7 စက်မှုထိပ်သီး နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာ့အရေးကို မမေ့မလျော့ ထည့်သွင်းဖော်ပြထားပေမဲ့ စစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပါ၊ အာဆီယံမူ ၅ ရပ်ကို ဆက်ထောက်ခံတယ် စတဲ့ ဘာအလုပ်သဘောမှမပါတဲ့ စကားလုံးတွေသာ ပါလာတာ တွေ့ရပါတယ်။ ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးကို မမေ့ဘူး ဆိုတာလောက်နဲ့ ဝတ်ကျေတန်းကျေ ပိတ်ဆို့နေတာလောက်သာ ရွေ့နေတာ အထင်အရှားပါပဲ။

နွေဦးတော်လှန်ရေးတပ်ဦးက NUG အစိုးရအနေနဲ့ အနောက်အုပ်စုရဲ့ စစ်အုပ်စုအပေါ် ပိတ်ဆို့မှုတွေအပေါ် လက်ခုပ်တီးကြိုဆိုနေခြင်းထက် အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေ ဘာ့ကြောင့် မထိရောက်သေးသလဲဆိုတဲ့ အဖြေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ လိုပါတယ်။

NUG အစိုးရအနေနဲ့ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူတွေ၊ မြန်မာ့နွေဦးတော်လှန်ရေးကို ပြတ်ပြတ်သားသားထောက်ခံတဲ့ နိုင်ငံတကာအဆင့် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ မြန်မာ့အရေး ကုလကိုယ်စားလှယ်တွေနဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတရပ် ကျင်းပပြီး ထိရောက်တဲ့ ပိတ်ဆို့မှုလမ်းတွေကို ဖော်ထုတ်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိအားပေးဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။

ထွန်းလင်း

ကိုးကား-အကြမ်းဖက်စစ်အုပ်စု၏လေကြောင်းအသုံးပြုသတ်ဖြတ်မှုများနှင့် နိုင်ငံတကာရပ်တည်ချက် (ဉာဏ်လင်းသစ်သုတေသနအဖွဲ့)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024