မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က ကျွန်းကြီးကျေးရွာ၊ ကြက်တူရွေးကျေးရွာနဲ့ သဲအင်းရွာတို့ကို မေ ၂၅ ရက်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပြီး သဲအင်းရွာကို စစ်တပ်က ညနေပိုင်းမှာ Mi35 ဂျက်လေယာဥ်နဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ Bo tiger အဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။
ယက်ကန်းစင်တောင်က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့မှုကြောင့် ကျွန်းကြီးကျေးရွာက ကောက်ရိုးပုံ မီးလောင်ခဲ့ပြီး ရွာထဲက နေအိမ် ၁၅ လုံးခန့်ကို ထပ်မံမီးစွဲလောင်ခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကောင်စီတပ်သားတွေက ကြက်တူရွေးကျေးရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၅ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ ကြက်တူရွေးကို မီးရှို့ပြီး သဲအင်းဘက်ကိုအသွား တို့က သူတို့ကို ဖြတ်တိုက်ခဲ့တာ၊ သူတို့ ကြားညပ်တော့ လေယာဥ်လာပစ်ကူတယ်၊ လေယာဥ်က သဲအင်းရွာတဝိုက်ကိုပစ်သွားတာ” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
သဲအင်းရွာကို စစ်ကောင်စီတပ်က Mi35 ဂျက်ဖိုက်တာနဲ့ လေးခေါက်လာရောက်ပစ်ခတ်ခဲ့ပြီး လေယာဥ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
သဲအင်းရွာကို စစ်ကောင်စီတပ်က မေ ၂၅ ရက် နေ့လယ် ၂ နာရီဝန်းကျင်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး မေ ၂၆ ရက် ဒီနေ့မနက်မှာလည်း သဲအင်းရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။
သဲအင်းရွာကို စစ်ကောင်စီတပ်က မေ ၂၄ ရက်ကစတင်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
စဥ့်ကူးမြို့နယ် သဲအင်းတိုက်နယ်ကို စစ်ကောင်စီတပ်က မြေပြင်ကနေကော ဝေဟင်ကနေပါ မေ ၂၂ ရက်က စတင် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၁ ရွာက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။