Home
မြန်မာသတင်း
ကျောက်ကြီးမြို့ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေ
DVB
·
May 23, 2023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ မေ ၁၄ ရက်ကစပြီး ကျေးရွာပေါင်း ၄၈ ရွာက ရွာသားတွေ စစ်ဘေးရှောင်နေရပါတယ်။

စစ်ကောင်စီဘက်က ခမရ-၅၉၉ ၊ ခမရ-၅၉၀၊ တပ်မ-၄၄ နဲ့ ခလရ-၈၄ တို့ ပါဝင်တဲ့ တပ်ပေါင်းစုက ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ရွာသားတွေ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ ဒေသတွင်းရင်းမြစ်ဆီက သိရပါတယ်။

စစ်ဘေးရှောင် ၁၄,၂၀၀ ကျော်ရှိပြီး လက်ရှိမှာ ဘုန်းကြီးကျောင်းတွေနဲ့ တချို့က မိုးကာတဲထိုး နေကြသလို နီးစပ်တဲ့ ကျောက်ကြီးဒေသနဲ့ မုန်းဒေသတွေက ပရဟိတတွေ ကူညီပေးပေမဲ့ စစ်ဘေးရှောင် များလွန်းတဲ့အတွက် မနိုင်ဝန်ပိပြီး ရိက္ခာနဲ့ ဆေးဝါး အဓိကလိုအပ်နေတယ်လို့ ဆိုပါတယ်။

KNLA တာဝန်ရှိသူတဦးက “'ပြည်တွင်းအလှူရှင်တော့ မရှိသေးဘူး။ မလှူရဲကြဘူး။ လှူရင် ဖမ်းဆီးတာတွေ စစ်ကောင်စီဘက်က လုပ်နေလို့ ဆန်တင်ပို့မှုတောင် မရဘူး။ ပြည်တွင်းပြည်ပ အသင်းအဖွဲ့​တွေလည်း စစ်ဘေးရှောင်တွေကို အဓိကကူညီပေးပါ” လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွင်းရှိ လယ်ဝိုင်းကြီးကျေးရွာ၊ ပိုးလိုးနိုဖိုကျေးရွာနဲ့ ရန်မျိုးအောင်ကျေးရွာ ၃ ရွာကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ကျေးရွာထဲထိ စစ်ကြောင်းဝင်ကာ ရွာသားတွေကို ဖမ်းဆီးမှုတွေကြောင့် ၂၀၂၂ ခုနှစ် ဇွန် ၂၅ ရက်ကတည်းက ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အခုချိန်ထိ ကျေးရွာထဲ ပြန်မနေရဲသေးဘူးလို့လည်း​ ဒေသတွင်းရင်း​​မြစ်တွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024