အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဒုက္ခသည်စခန်းတွေထဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ရိုဟင်ဂျာတွေအပါအဝင် ပြည်သူတွေ အားလုံးအတွက် ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော် (ULA/AA) က ဦးဆောင်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီး၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးထောက်ပံ့ဖို့ ဖိတ်ခေါ်ခဲ့ပြီး ပြည်သူတွေ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တာကြောင့်လည်း များစွာဂုဏ်ယူမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၄၅၅ ယောက်ထိ ရှိလာပြီး အဲဒီထဲက ယောက် ၄၃၀ ကျော်ကတော့ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
မေ ၁၇ ရက်အထိ နောက်ဆုံးရရှိထားခဲ့တဲ့ စာရင်းတွေအရ NUG အစိုးရ၊ လူသားချင်း စာ နာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ “မိုခါဆိုင်ကလုန်း အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ အစီရင် ခံစာ” ထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး အဆိုပါသေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။
အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲ လောက်ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့က ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။
အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ် ကိုင်းတိုင်း၊ ကချင်ပြည်နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီး နောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန် တိုင်းရဲ့ သက်ရောက်မှုတွေကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီး ဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များစွာရှိခဲ့ပါတယ်။
NUG အစိုးရအနေနဲ့ မုန်တိုင်းကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေက အပျက်အစီး စာရင်းကောက်ယူမှုတွေကို ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူစာရင်းတွေ ထပ်မံပြီးတော့ တိုးလာနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကတော့ မုန်တိုင်းကြောင့် သေဆုံးသူ ၄၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပြီး ရခိုင်အခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ စာရင်းမှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တခုတည်းမှာတင် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ လက်ရှိအချိန်ထိ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု တွေ အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းစတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက မုန်တိုင်းသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်တဲ့ ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းတွေကို ဒေသတွင်း သွားလာခွင့်တွေ ကန့်သတ်ထားသလို ကေအန်ယူ ထုတ်ပြန်ချက်မှာလည်း ဒီကိစ္စအပေါ် စစ်ကောင်စီအနေနဲ့ မုန် တိုင်းသင့်ဒေသက ပကတိ အခြေအနေမှန်ကို တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးဖို့၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးဖို့၊ အကူအညီပေးရေး လုပ်ငန်းတွေကို တားဆီးပိတ်ပင်တာတွေ မလုပ်ဘဲ လွတ်လပ်စွာ သွားလာကူညီခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာကတော့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် မုန်တိုင်းဒဏ်သင့်ပြည်သူ ၅ ဒသမ ၄ သန်းနီးပါး ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီထဲက ပြည်သူ ၃ ဒသမ ၂ သန်း နီးပါးကတော့ ထိခိုက်လွယ်အုပ်စုဝင်တွေ ဖြစ်နိုင်တယ်လို့ ယူဆရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။