နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရထားမိုင်တိုင်အမှတ် ၂၂၇ မှာ မေ ၁၇ ရက် ညနေ ၃ နာရီက ရန်ကုန်-မန္တလေးကုန်ရထားတိုက်ခံရပြီး ဘုန်းကြီးတပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာအနီး ရထားမိုင်တိုင် ၂၂၇ ရထားသံလမ်းအနီးမှာ မေ ၁၇ ရက် ညနေသုံးနာရီက လမ်းလျှောက်လာတဲ့ ဘုန်းကြီး ၁ ပါးကို ရန်ကုန်-မန္တလေးအဆန် ကုန်ရထားက ဝင်တိုက်ခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဘယ်လိုတိုက်လဲတော့မသိဘူး၊ အတိုက်ခံရတဲ့ဘုန်းကြီးက ဒီရွာကမဟုတ်ဘူး၊ နာရေးကူညီမှု အသင်းကားနဲ့ လာသယ်သွားတာတော့ တွေ့တယ်။”
ရန်ကုန်ကနေ မန္တလေးကို ကုန်တွေပို့ဆောင်ဖို့ ထွက်ခွာလာတဲ့ ရန်ကုန်-မန္တလေးအဆန် ကုန်ပို့ရထားဟာ မနေ့ ညနေ သုံးနာရီဝန်းကျင်က မိုင်တိုင် ၂၂၇၊ ၁၆/၁၇ အနီးမှာ ဘုန်းကြီး ၁ ပါးကို ရထားတံခါးနဲ့ တိုက်မိခဲ့လို့ ပျံလွန်တော်မူခဲ့တယ်လို့ မီးရထားနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အခုချိန်ထိ ဘယ်ကဆရာတော်ဆိုတာ မသိရသေးဘူး။ အုပ်ချုပ်ရေးဘက်ကတော့ စုံစမ်းနေတယ်။ ရထားတံခါးနဲ့ တိုက်မိသွားတာ။”
ပျံလွန်တော်မူသွားတဲ့ သံဃာကို ပုပ္ပသီရိမြို့နယ် သဗ္ဗသုခ နာရေးကူညီမှုအသင်းက လူနာတင်ယာဥ်နဲ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။