အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ ထောက်ပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ကူညီပေးခဲ့တယ်လို့ ဒါကာရှိ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
မေလ ၁၄ ရက်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ကို တနာရီ ၁၁၅ မိုင်နှုန်းနဲ့ မိုခါမုန်တိုင်း ဝင်ရောက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်တလျှောက် နေထိုင်တဲ့ ဒုက္ခသည်စခန်းတွေ မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတာဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အတူရပ်တည်နေပါတယ်လို့ အမေရိကန်သံအမတ်ကြီး မစ္စတာဟက်စ်က ပြောထားပါတယ်။
လူဦးရေ ၅ ဒသမ ၄ သန်းကျော်ခန့် မုန်တိုင်းဒဏ်ကိုခံခဲ့တာဖြစ်ပြီး ဒီအထဲက ၃ သန်းကျော်က ထိခိုက်လွယ်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဖြစ်တာကြောင့် လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပါတယ်။
ရခိုင်ပြည်နယ်က ထိခိုက်မှုအများဆုံးလို့ယူဆရတဲ့ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော ၆ မြို့နယ်ကို ခွင့်ပြုချက်ရတာနဲ ဝင်ရောက်ကူညီပေးမယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားပါတယ်။