Home
ဆောင်းပါး
ညောင်နာနာ အာဆီယံ
DVB
·
May 17, 2023

မြန်မာအရေး မြန်မာပြည်သူတွေ ဘယ်လောက်သေသေ အာဆီယံအနေနဲ့ ရှေ့တစ်လှမ်း တိုးဖို့ရာခက်နေကြောင်း အာဆီယံခေါင်းဆောင်တွေ တစ်ယောက်လက်တစ်ယောက်ချိတ်ကာ  ပြုံးပြုံးရွှင်ရွှင်နဲ့ မှတ်တမ်းဓာတ်ပုံ ရိုက်ကြပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာလိုက်ကြပါတယ်။

အာဆီယံဟာ အာဆီယံစတိုင်အတိုင်းပဲ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးစရာတပုံတခေါင်းနဲ့ ခေါင်းချင်းဆိုင် ရေးကြီးခွင်ကျယ်။ အာဆီယံထိပ်သီးအစည်းအဝေးအပြီး ကြေညာချက်ထဲမှာတော့ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက် တည်ရှိနေမယ်လို့ ဖော်ပြပါတယ်။

ပြီးတော့ မြန်မာနိုင်ငံငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ အဖြေရဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ဆက်ဆံမယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကို ဦးဆောင်သွားမယ်လို့လည်းဆိုပါတယ်။ မေလ ၁၁ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ နည်းနည်းလေး လေသံပြင်းမိတာကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို အလွန်စိုးရိမ်ကြောင်းနဲ့ အင်အားသုံးတာနဲ့ အကြမ်းဖက်မှု ပုံစံအားလုံးကို ချက်ချင်းရပ်ဖို့ တိုက်တွန်းထားခြင်းပဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံအသင်းရဲ့ အကြမ်းဖက်မှုရပ်ဖို့ တိုက်တွန်းချက်ကို ဘယ်လောက်ထိ အလေးထားခဲ့ပါသလဲ။ ထိပ်သီးအစည်းအဝေးကျင်းပနေတဲ့  မေလ ၁၀ ရက်နေ့မှာပဲ အကြမ်းဖက်စစ်တပ်စစ်တပ်က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာရွာသား ၁၈ ဦးကို မျက်နှာအဝတ်စည်း၊ လည်လှီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ အမျိုးသမီးနဲ့ အမျိုးသားတစ်စုစီ မီးရှို့ ခဲ့ခြင်းက အဖြေပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မေ ၁၀ ရက် ညနေပိုင်းမှာ တော်လှန်ရေးအင်အားစုနဲ့ ညောင်ပင်သာ ရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ညောင်ပင်သာရွာထဲဝင်သွားကာ ဘာအပြစ်မှမရှိတဲ့ ရွာသားတွေကို အကြောင်းမဲ့ သတ်ပစ်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်တပ်ကသတ်ပစ်ခဲ့တဲ့ ပြည်သူ ၁၈ ဦး ထဲမှာ အသက် ၁၀ နှစ်အောက် ကလေး ၄ ဦး ပါဝင်ပါတယ်။

ပြီးတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အာဆီယံကြေညာချက်ထုတ်ပြန်တဲ့ မေ ၁၁ ရက် နေ့၊ ညဦးပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူ့နေအိမ် မီးလောင်တိုက်သွင်းမှုဟာ အခုဆိုရင် အိမ် ၇သောင်း ဝန်းကျင်ရှိနေပြီမို့ မထူးဆန်းတော့ပေမဲ့ စစ်တပ်မီးရှို့တဲ့အိမ်တွေဟာ သူတို့စစ်ကြောင်းထိုးရာ ရွာတွေက အိမ်တွေပဲဖြစ်ပြီး အခု ဆိုရင် စစ်ကိုင်းတိုင်းထဲက မြို့ပေါ်ကိုပါ စတင်မီးရှို့တာဖြစ်လို့  နောက်ထပ်ခြေတစ်လှမ်းထပ်တိုးလာခြင်းလို့ဆိုနိုင်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်မှုတွေကို ရှေ့တစ်လှမ်းပြီးတစ်လှမ်းတိုးကာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပေမဲ့ အာဆီယံကတော့ အစည်းအဝေးပွဲလေးကျင်းပ၊ ကြေညာချက်လေးထုတ်ပြန်ရုံကလွဲ ရှေ့တစ်လှမ်းမတိုးနိုင်တာ အခုထိပ်သီးအစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ကြေညာချက်က သက်သေခံနေပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက် ၁၅ ရပ်ထဲမှာ အာဆီယံမူ ၅ ရပ်ကို အချိန်အကန့်အသတ် ပြဋ္ဌာန်းဖော်ဆောင်ဖို့နဲ့ အချိန်ကန့်သတ်ခြင်းဆိုင်ရာ အသေးစိတ်ကိစ္စတွေကို ၂၀၂၃ ခုနှစ်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲကြမယ်လို့ ထုတ်ပြန်ထားခဲ့ပေမဲ့ ဒီနေ့ထိတိုင် မူ ၅ ရပ်ကို အချိန်ကန့်သတ်ဖို့ဆိုတာ ပျောက်ဆုံးနေလေတော့ အာဆီယံခေါင်းဆောင်တွေ ပြောမှားဆိုမှား ပါးစပ်ဆော့မိတာများလားလို့  အတွေးပွားရမလိုပါပဲ။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ  ၃ ရက်နဲ့ ၄ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီးထုတ်ပြန်ချက်မှာ အာဆီယံမူ ၅ ရပ်ကို လက်တွေ့ဖော်ဆောင်ဖို့သာ ထပ်မံတိုက်တွန်းထားသလို အခု မေ ၁၀ နဲ့ ၁၁ ရက် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း ဘာအလုပ်သဘောမှမပါတဲ့ အာဆီယံမူ ၅ ရပ်ကို ဆက်လက်ကိုင်စွဲမယ်လို့သာ ထုတ်ပြန်လိုက်တာဟာ မြန်မာ့အရေး ဖိအားပေးရှေ့ဆက်ဖို့ အာဆီယံ ခေါင်းဆောင်တွေရဲ့ စားပွဲဝိုင်းမှာ သဘောတူညီမှုမရမှန်း ပေါ်လွင်နေပါတယ်။

အာဆီယံခေါင်းဆောင်တွေ သဘောတူညီထားတဲ့ မူ ၅ ရပ်ကို အချိန်ကန့်သတ်ဖော်ဆောင်ရေးဆိုတာ စစ်အုပ်စုကိုရှေ့တစ်လှမ်းတိုး ဖိအားပေးခြင်းဖြစ်ပြီး လက်ရှိ မျက်မြင်တွေအရ အင်ဒိုနီးရှားနိုင်ငံအာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဒီနှစ်ထဲမှာ အဲဒီဖိအားပေးမှုဖြစ်လာဖို့တောင် မလွယ်လှပါဘူး။ တကယ်လို့ မူ ၅ ရပ်ကို အချိန်ကန့်သတ်ဖော်ဆောင်ရေး ဖြစ်လာခဲ့ရင်တောင် မဖော်ဆောင်ရင် ဘာလုပ်မလဲဆိုတဲ့ အရေးယူမှု ယန္တရားဟာ နောင်ဘုရားပွင့်တာတောင်ဖြစ်ထွန်းလာပါ့မလားလို့ မေးခွန်းထုတ်ရပါမယ်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒိုက “ပွင့်ပွင့်လင်းလင်းပြော ရရင် ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ကြီးမားတဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် ရှေ့ခြေလှမ်းက ဘာဖြစ်မလဲ ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အာဆီယံနိုင်ငံအားလုံးရဲ့ စုစည်းညီညွတ်မှုကို လိုအပ်နေပါတယ်”လို့ ဝန်ခံသွားပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်ကလည်း “အာဆီယံဟာ အငြင်းပွားဖွယ် ဖြစ်တဲ့ ပြဿနာအများစုကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ ကြားဝင်စွက်ဖက်မှု မပြုရေးမူကြောင့် ရှေ့တိုးမရ ဖြစ်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခွင့် မရှိတာ မှန်ပါတယ်။ ဒါပေမဲ့ စွက်ဖက်မှုမရှိဘူးဆိုရင်၊ ကျွန်တော်တို့ အားလုံးရှေ့ဆက်သွားလို့ရစေမယ့် မျှော်မှန်းချက် အသစ်တစ်ခုခုတော့ ရှိဖို့လိုပါလိမ့်မယ် ”လို့ စိတ်ပျက်လက်ပျက်ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ ပြဿနာတွေကို မဖြေရှင်းဖူးတဲ့ အာဆီယံရဲ့အတွေ့အကြုံကင်းမဲ့မှု၊ ကိုယ်စီအကျိုးစီးပွား အပေါ်အခြေပြုမှုနဲ့ အခြေခံချင်းမတူတဲ့ ရပ်တည်ချက်တွေအရ သဘာဝကျစွာ မညီညွတ်နေတဲ့ အာဆီယံနိုင်ငံတွေကို ကောက်ကာငင်ကာ စုစည်းညီညွတ်ဖို့ စိတ်ကူးယဉ်ခွင့်တောင် မရှိသလို မစွက်ဖက်ရေးမူကိုပြင်ဆင်နိုင်ဖို့ဆိုတာကလည်း ဒီဘဝမှာတော့ မဖြစ်နိုင်သေးဘူးလို့  ဆိုရပါမယ်။

အာဆီယံမူ ၅ ရပ် ထွက်ပေါ်လာတာ အခုဆိုရင် ၂ နှစ်ကျော်ပြီဖြစ်ပါတယ်။ ၂ နှစ်ကျော်ကာလအတွင်း အာဆီယံမူ ၅ ရပ်ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း ခွဲခြားမှုမရှိတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိုတောင် အကြမ်းဖက်စစ်အုပ်စုရဲ့ အဟန့်အတားတွေကြောင့် ဖော်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။

မေလ ၇ ရက် မနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင်- ဆိုက်ခေါင် လမ်းပေါ် မှာ အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရပါတယ်။ အဲဒီယာဉ်တန်းဟာ စစ်ရှောင်တွေကို ကူညီဖို့ ဆီဆိုင်မြို့နယ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဆက်ဆံရေးရုံးသို့ သွားနေစဉ် တိုက်ခိုက်ခံရတာပါ။ တိုက်ခိုက်ခံရတဲ့နေရာက စစ်တပ်နဲ့ စစ်အုပ်စုလက်အောက်ခံ PNO ပြည်သူ့စစ်တွေ စိုးမိုးထားတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဘယ်သူတွေက ကျူးလွန်သလဲဆိုတာ အပြတ်မပြောနိုင်သေးပေမဲ့ စစ်ရှောင်တွေကို အကူအညီပေးမှာ မလိုလားလို့ တိုက်ခိုက်တာဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်လိုက်ရင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံတွင်း ခွဲခြားမှုမရှိဘဲ စာနာမှုအကူအညီပေးနိုင်ဖို့ အဝေးကြီးဆိုတာ ပေါ်လွင်နေပါတယ်။ အဲဒီတိုက်ခိုက်ခံရမှုအပေါ် အာဆီယံက  ကန့်ကွက်ရုံကလွဲ ဘာမှ မတတ်နိုင်ပါဘူး။

ဒါပေမဲ့ အာဆီယံကတော့ မလျှော့သောဇွဲလုံ့လနဲ့ အာဆီယံမူ ၅ ရပ်ကို ဆက်လက်ကိုင်စွဲကာ ရှေ့ဆက် သွားဦးမှာပါပဲ။ အာဆီယံဟာ နိုင်ငံတကာအသိုင်းအဝိုင်းက မနိုင်ဝန်ထမ်းခိုင်းထားတဲ့ မြန်မာ့အရေးကို ဘာမှမတတ်နိုင်ပေမဲ့ အာဆီယံရဲ့ ဂုဏ်သိက္ခာအရ လွှတ်ချလိုစိတ်လည်း မရှိပါဘူး။ ဆိုတော့ မြန်မာပြည်သူတွေလည်း ကြိုက်သလောက်သေ၊ မသေသူတွေ ဒုက္ခပင်လယ်ဝေ။ အာဆီယံအနေနဲ့လည်း အစည်းအဝေးတွေလုပ်၊ ကြေညာချက်လေးထုတ်နဲ့ သူတတ်နိုင်သလောက်သာ ဆက်လုပ်သွားမှာပါပဲ။

အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းခံလို့ မဖြစ်တော့ဘူးလို့  ပြောသွားပါတယ်။

သည်းခံလို့ မဖြစ်တော့ဘူးဆိုရင် ဘာဆက်လုပ်မှာလဲ။ လုပ်စရာ ဘာမှမရှိပါဘူး။ အဲဒါအာဆီယံပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024