မိုခါ မုန်တိုင်းတိုက်ခတ်အပြီးမှာ မိုးများမယ့်ဒေသတွေမှာ တောင်ပြို မြေပြိုတာ၊ တောင်ကျချောင်းရေနဲ့ ရေကြီးရေလွှမ်းမှုတွေ သတိထားဖို့နဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေလည်း ပြင်ဆင်ထားဖို့လိုတယ်လို့ မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က သတိပေးပါတယ်။
“မိုးတအားများတဲ့အတွက် လေပြင်းဒဏ်တွေရော မိုးဒဏ်တွေရော ခံရမယ်။ လမ်းတွေ ပျက်စီးမယ်။ တောင်တွေ ပြိုမယ်။ မြေတွေ ပြိုမယ်။ လမ်းတွေ ပျက်စီးတဲ့ဒဏ် ခံရမယ်။ ကုန်းတွင်း ဝင်သွားပြီးချိန် ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းပေါ်က သူတွေ တောင်ပြိုတာ မြေပြိုတာ မိုးများမှာ။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းက တောင်ကျချောင်းရေများမှာ၊ ရေကြီး ရေလွှမ်းသွားမယ့် အခြေအနေ ရေပြန်မကျရင် နောက်ဆက်တွဲ ဖြစ်မယ့် ကျန်းမာရေး ပြဿနာတွေ ဒါတွေ ပြင်ဆင်ထားဖို့ လိုမယ်"
မြန်မာနိုင်ငံမှာ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ကုန်တွင်းမုန်တိုင်းအနေနဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး မုန်တိုင်းငယ်အဖြစ် တရုတ်-မြန်မာ နယ်စပ်မှာ လေဖိအားနည်းရပ်ဝန်းအနေနဲ့ အားပျော့ ပျက်ပြယ်သွားပြီလို့ မိုးဇလက မေလ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုခါ မုန်တိုင်း မြန်မာနိုင်ငံတွင်း ဝင်ရောက် ဖြတ်ကျော်ခဲ့ပြီးဖြစ်တာကြောင့် ရခိုင်ပြည်နယ် စစ်တွေကို အစိမ်းရောင်အဆင့်အဖြစ် မိုးဇလက သတ်မှတ်လိုက်ပါတယ်။ မုန်တိုင်းပြီးနောက် မြန်မာနိုင်ငံ ဒေသတချို့မှာ မိုးတွေ ဆက်လက် ရွာသွန်းမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း ပြောဆိုပါတယ်။
“အခုလောလောဆယ် တချို့နေရာတွေမှာတော့ မိုးရွာတဲ့အနေထား ရှိနေသေးတယ်။ မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေက နိုင်ငံရဲ့ မြောက်ပိုင်း၊ နိုင်ငံရဲ့ အလယ်ပိုင်း၊ မိုးကုတ် ကဆည်၊ မန္တလေးတိုင်းပေါ့။ စစ်ကိုင်းတိုင်းတို့ မကွေးတိုင်းတို့က အကုန်လုံး ကင်းစင်သွားပြီ။ ရှမ်းပြည်နယ်တခုလုံးမှာလည်း မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်က ဝင်လာပြီ။ အဲ့နေရာတွေမှာ မိုးရွာတာတွေ ရှိတယ်။ မုန်တိုင်းကတော့ ထပ်ပြီးတော့ မရှိတော့ဘူး။”
မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က “ကျနော်တို့ ဖြစ်နေတဲ့ Pressure Pattern တွေ လေစီးကြောင်းတွေ ဒါတွေ အနေအထားအရ မုတ်သုံ ဆက်ပြီး လိုက်လာမယ် မြင်နေရတယ်။ နောက်ပြီး နိုင်ငံရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးတွေ ဆက်ပြီး ရွာမယ့်အနေအထား မြင်နေရတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါနဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြောစရာ မရှိတော့ဘူး။ မိုခါနဲ့ ပတ်သက်ပြီး ကြိုတင်ခန့်မှန်းချက် မရှိတော့ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မေလ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီလျှင် မိုင် ၃၀ လောက် တိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံကို ဦးတည်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း မိုခါနဲ့ မုန်တိုင်း နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ သေဆုံးသူ ၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မုန်တိုင်းဘေး ကနဦး ထိခိုက်ပျက်စီးမှု အခြေအနေကို ထုတ်ပြန်ထားပါတယ်။
မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ MPT ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျကာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ခဲ့သလို နှစ်ရှည်ပင်တချို့ ပြိုလဲတာ၊ နေအိမ်တချို့ အမိုးလန် ပျက်စီးခဲ့ပြီး ဂွမြို့နယ် ကမ်းသာယာနားက ရွှေဦးကင်းရွာမှာ အိမ်ခြေ ၅၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။