Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ
DVB
·
May 14, 2023

တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေဇုန်ဒေသ ရေဖြူမြို့နယ် နဘုလယ်တိုက်နယ်မှာ မေ ၁၄ ရက် မနက်အစောပိုင်းက စပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ နေရာ ၂ ခုမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကမ်းတံတားမှာ တနေရာနဲ့ နောက်ထပ်တနေရာမှာ တိုက်ပွဲဖြစ်နေတယ်၊ မနက်ကတည်းက လက်နက်ကြီးသံတွေ ကြားနေရတယ်" လို့ နဘုလယ်ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် မနက် ၈ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မြိတ်လေတပ်က jet fighter တစင်း မြောက်ဘက်ကို ဦးတည်ပျံသန်းသွားတယ်လို့ စစ်ကောင်စီလေကြောင်းတွေကို ကင်းထောက်နေတဲ့ enemy air route channel မှာ ဖော်ပြထားပြီး လေယာဉ်ပျံသန်းသွားတာကို မျက်မြင်တွေ့ရှိရသူတွေလည်း ရှိပါတယ်။

အဲဒီလေယာဉ်ဟာ မနက် ၈ နာရီ ၂၆ မိနစ်မှာ တိုက်ပွဲဖြစ်နေတဲ့ နဘုလယ်ဒေသကို ရောက်ရှိလာပြီး  ဗုံး ၅ လုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

"မူးဒူးရွာ နဲ့ ရေနက်ဆိပ်ကမ်း ဘက်ကို ဗုံးကျဲတယ်လို့ပဲ သိရသေးတယ်။ အခုချိန်အထိ (မေလ ၁၄ ရက်မနက် ၁၁နာရီ) အထိအခိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး မကြားရသေးဘူး။ ထိခိုက်မှုရှိချင်လည်းရှိလိမ့်မယ်၊ တိုက်ပွဲကဖြစ်နေတုန်းပဲဆိုတော့ အတည်မပြုနိုင်သေးဘူး" လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အခု တိုက်ခိုက်မှုဟာ တနင်္သာရီတိုင်းမှာ စစ်ကောင်စီက ပထမဆုံးအကြိမ်လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ဒေသခံတွေကတော့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် မေ ၁၃ ရက်ညကတည်းက ထွက်ပြေးတိမ်းရှောင်းနေကြရပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီက မြေပြင်နဲ့ဝေဟင် နှစ်ဘက်ညှပ်ပြီး တိုက်ခိုက်နေတယ်လို့ တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေး ပြန်ကြားရေးဌာနက အရေးပေါ်စစ်ရေးသတင်းထုတ်ပြန်ထားပါတယ်။ 

ပြည်သူတွေအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လေကြောင်းကာကွယ်ရေး နည်းစနစ်တွေကို လိုက်နာပူးပေါင်းဆောက်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

မေ ၇ ရက်နေ့ နဲ့ ၈ ရက်နေ့မှာလည်း ထားဝယ်မြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ပြီး ဒေသခံရွာသားအများစု နေရပ်ပြန်မရဲဘဲ နီးစပ်ရာဥယျာဉ်ခြံမြေတွေနဲ့ တောတောင်တွေမှာ တိမ်းရှောင်းနေရဆဲဖြစ်ပါတယ်။

မေ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ထားဝယ်မြို့နယ် ပကာရီရဲကင်းနဲ့ ဘုရားမဲစစ်ကောင်စီဂိတ်အနီးမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပြီး အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားရွာနဲ့ နန်းပရုပ်ရွာကြား ကားလမ်းမပေါ်မှာ မေ ၁၁ ရက် မနက် ၁ နာရီလောက်က စစ်ကား နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “မြိတ်မှ ထားဝယ်ဘက်သို့ တက်လာတဲ့ စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ မိုင်းဆွဲတိုက်ခိုက်ပြီး  ၄၀ မမလောင်ချာနဲ့ ပစ်တယ်။ စစ်တပ်ကလည်း ၆၀ မမ ၅ လုံးနဲ့ ပြန်ပစ်တယ်” လို့ ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁၊ မီးကျောင်းစစ်ကြောင်းနဲ့ KPDF တို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်က ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပေမဲ့ ဒေသကာကွယ်ရေးတပ်က ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024