ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ မုန်တိုင်းဖြစ်လာပါက သောက်သုံးရေပြတ်လပ်မှာစိုးပြီး ရေကြိုတင်ဝယ်ယူ သိုလှောင်သူတွေ များလာလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနဲ့ ဂျိုးဖြူရေပုံမှန်မရှိလို့ မုန်တိုင်းဖြစ်လာပါက သောက်သုံးရေ အခက်အခဲဖြစ်မှာစိုးပြီး ရေသန့်ဝယ်ယူသိုလှောင်ထားရတယ်လို့ မြောက်ဥက္ကလာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"မီးကမလာတော့ ရေမရဘူး၊ ဒါကြောင့် သုံးရေထက် သောက်ရေကို ဦးစားပေးပြီး ဝယ်ထားရတယ်။ နာဂစ်တုန်းက သောက်ရေပြဿနာက အတော်ဆိုးတာ" လို့ ပြောပါတယ်။
မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ သာကေတနဲ့ တောင်ဒဂုံမြို့နယ်မှာ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မီးအချိန်ကြာမြင့်စွာ ပြတ်တောက်ပြီး ရေဝယ်ယူသိုလှောင်ထားရတာလို့ တောင်ဒဂုံမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဂျိုးဖြူရေပေးတဲ့အချိန် မီးကပျက်နေတယ်၊ မီးလာတဲ့အချိန်ကျတော့ ရေပေးတဲ့အလှည့်က အခြားရပ်ကွက်ကို ရောက်သွားရော ရေသန့်တွေ ဝယ်လှောင်ထားရတယ်၊ မိုးကလည်း ဆက်တိုက်ရွာနေတာဆိုတော့။"
မုန်တိုင်းအတွက် ရေဝယ်ယူသိုလှောင်သူတွေရှိသလို သောက်သုံးရေမရှိလို့ ပရဟိတအဖွဲ့တွေက လှူဒါန်းတဲ့ရေကို သိုလှောင်ထားရတယ်လူတွေလည်းရှိတယ်လို့ ဒလမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဒလမှာဆို ကြီးလေးကြီး ပရဟိတအဖွဲ့က လာလှူနေတာ တပတ်လောက်ရှိပြီ။ ကျန်စစ်သား၊ တပင်ရွှေထီးနဲ့ စံပြရပ်ကွက်တွေမှာ မုန်တိုင်းသာ တကယ်ဝင်မယ်ဆို ကျနော်တို့လို မြစ်နဲ့နီးတဲ့သူတွေက ပိုဆိုးတယ်။"
လက်တလောမှာ သောက်ရေသန့်ဘူးစျေးနှုန်းမှာ ၁၂၀၀ မှ ၈၀၀ အတွင်းရှိပြီး ဝယ်ယူသူတွေဆီ အလျင်မီအောင် မပို့နိုင်ဘူးလို့ သောက်ရေသန့်ရောင်းသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"၁၂၀၀ ဆိုတာ တိုက်အပေါ်ထိ ထမ်းတင်ပေးရတာ။ ၈၀၀ ဆိုတာ တိုက်အောက်ဆင်းယူရတာ။ အခုဆို မိုးရွာပြီး မီးကမလာတော့ ရေဘူးဝယ်လှောင်ထားတဲ့သူတွေများတယ်၊ ဂျိုးဖြူရေသုံးတဲ့သူတွေ ဝယ်လှောင်တာများတယ်။"
အချို့ကလည်း မုန်တိုင်းဖြစ်ပေါ်လာပါက သောက်သုံးရေအပြင် ဆေးဝါးနဲ့ ပလတ်စတစ်ပုံး၊ တာယာကွင်းတွေ ဆောင်ထားတယ်လို့ သိရပါတယ်။
လက်တလောမှာ ရန်ကုန်အတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီတပ်၊ ရဲ၊ မီးသတ်နဲ့ လူမှုဝန်ထမ်းအဖွဲ့တွေက မုန်တိုင်းကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ရုံးတွေမှာ အုပ်စုဖွဲ့ စောင့်ကြည့်နေပါတယ်။